နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာဖို့ ဖြစ်နိုင်ချေ

Image caption သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အကျဉ်းသားတွေကို အသုတ်လိုက် ပြန်လွှတ်ပေးနေ

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲကနေ နိုင်ငံရေး အကျဉ်းသားအားလုံး ဒီနှစ်မကုန်ခင် လွတ်လာနိုင်ရေးဟာ ပြည်ထဲရေး ဝန်ကြီး ဌာနက ပူးပေါင်း ဆောင်ရွက်ရင်တော့ ဖြစ်နိုင်ချေ ရှိတယ်လို့ အစိုးရအဖွဲ့ဝင်တွေ၊ အတိုက်အခံ ပါတီဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မီတီရဲ့ ကော်မီတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ကိုရဲအောင်က ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးမယ်လို့ ဗြိတိန်နိုင်ငံမှာ ရောက်နေတဲ့ သမ္မတဦးသိန်းစိန်က တနင်္လာနေ့က ကတိပြု ပြောကြားလိုက်တာပါ။

နိုင်ငံရေး အကျဉ်းသား တယောက်မကျန် ပြန်လွှတ်ပေးနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မီတီ ဖွဲ့ပြီး စိစစ်မှုတွေ လုပ်နေတယ်လို့ လည်း ပြောသွားပါတယ်။

လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မီတီဝင် ကိုရဲအောင်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ထောင်ကျနေသူတွေ အကျဉ်းထောင်တွေထဲမှာ ဘယ်လောက် ရှိသလဲ ဆိုတာကို အရင်ဆုံး တိတိကျကျ ရှင်းရှင်းလင်းလင်း သိရဖို့ လိုကြောင်း၊ ဒီလို သိရဖို့ အဲဒီ အကျဉ်းသားတွေကို တရားစွဲထားတဲ့ မှုခင်း အထူးတပ်ဖွဲ့ ဆီက စာရင်း အတိအကျ ရဖို့ လိုကြောင်း ရှင်းပြပါတယ်။

ဒါပေမယ့် မှုခင်း အထူးတပ်ဖွဲ့ဆီက ဒီစာရင်းကို တောင်းထားပေမယ့် ခုချိန်ထိ မရသေးဘူးလို့ ဆိုပါတယ်။

၂၀၁၀ခုနှစ် အရှေ့ပိုင်းမှာ ပုဒ်မမျိုးစုံနဲ့ ထောင်ကျခံ ခဲ့ရတဲ့ အကျဉ်းသားတွေရဲ့ စာရင်းကို တိတိကျကျ မသိရသလို တိုင်းရင်းသား ဒေသတွေမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အကျဉ်းသား အရေအတွက်ကိုလည်း မသိရကြောင်း၊ ဒီစာရင်းတွေ ရမှသာ ဘယ်သူတွေက နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အဖမ်းခံခဲ့ရသူတွေလည်း ဆိုတာ စိစစ် ဖေါ်ထုတ်နိုင်မှာ ဖြစ်ကြောင်း ကိုရဲအောင်က ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောသွားခဲ့တာအပေါ် ကြိုဆိုပါကြောင်း၊ ဒါပေမယ့် တချိန်တည်းမှာပဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုး ဖြစ်ထွန်းစေဖို့ ဒါမှမဟုတ် နိုင်ငံသားတွေရဲ့ အကျိုး ပျက်စီးစေမယ့် အရာတွေကို ကာကွယ် တားဆီးဖို့ လှုပ်ရှား ဆောင်ရွက်ပြီး အဖမ်းခံခဲ့ရသူတွေကိုလည်း နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် သတ်မှတ်ထားတာမို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေး လှုပ်ရှားသူတွေကို ထိန်းသိမ်း အရေးယူတာမျိုး မလုပ်သင့်ကြောင်းနဲ့ နိုင်ငံသား အခွင့်အရေး တောင်းဆိုနေသူတွေကို အောက်ခြေ အဆင့်အထိ ဆင်းပြီး ညှိနှိုင်းသင့်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မီတီဝင် ကိုရဲအောင်က ဘီဘီစီကို ပြောပါတယ်။