သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း

_theinsein_london_
Image caption မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ တွေ့ဆုံ

ဗြိတိန် ဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက် နဲ့ ဗြိတိန် နိုင်ငံ ကို ရောက်လာတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ကို အင်္ဂါနေ့ က ဘီဘီစီ မြန်မာဌာန မှ သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောသွားတဲ့ အထဲမှာ ဘာသာရေး ကို ခုတုံးလုပ်ပြီး မိမိ ရဲ့ ကိုယ်ကျိုးအတွက် အမုန်းတရား ပွားအောင် လုပ်ဆောင် နေသူတွေ ကို လုံးဝ သည်းခံ မှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ အရေးအခင်း ကာလ တွေမှာ လှုံ့ဆော်သူတွေ၊ ပြစ်မှု ကျူးလွန်သူတွေ ကို အရေးယူမှုတွေ ပြုလုပ်နေသလို၊ နောက်ထပ်လည်း ဖေါ်ထုတ်ပြီး ဥပဒေ အရ အရေးယူဖို့ ရှိကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မြောက်ကိုးရီးယား နဲ့ မြန်မာ နိုင်ငံ အကြား စစ်ရေး ဆက်ဆံမှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေ ကြောင့် မြန်မာစစ်တပ် အရာရှိကြီး တယောက် ကို အမေရိကန် က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်တဲ့ ကိစ္စ နဲ့ ပတ်သက်လို့၊ အခု အခါမှာ မြောက်ကိုးရီးယား နဲ့ မြန်မာ အကြားမှာ စစ်ရေး ဆက်ဆံမှု လုံးဝ မရှိတော့ဘူး လို့ သမ္မတဦးသိန်းစိန် က ဆိုပါတယ်။ သံတမန် ဆက်ဆံရေး မှ အပ၊ သူ့ အစိုးရ လက်ထက် မှာ တိကျတဲ့ တားဆီးမှု ပြုထားသလို အဆက်အသွယ် လည်း မရှိကြောင်း ပြောပါတယ်။

တခါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ပါဝင် ယှဉ်ပြိုင်မှာ ပါလား ဆိုတဲ့ မေးခွန်း ကိုတော့ အသက် အရွယ်အရ လာမယ့်နှစ် သမ္မတ သက်တမ်း ကို မျှော်မှန်းချက် မထားတဲ့ အကြောင်း၊ ဒါပေမယ့် တိုင်းပြည်မှာ တာဝန်ရှိသူ အနေနဲ့ ၂၀၁၅ ခု ရွေးကောက်ပွဲ ဟာ ဘယ်လို ဖြစ်လာနိုင်မလည်း ဆိုတာ မျှော်မှန်းလို့ မရကြောင်း ဘီဘီစီ မြန်မာ ဌာန နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။