နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မခံရသူတွေ ရှိနေ

Image caption နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ် မခံရသူတွေရှိနေ

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမယ်လို့ ပြောကြားခဲ့တာကို ကြိုဆိုပေမယ့် တချို့ကို အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ဖို့ ငြင်းဆို နေတာတွေ ရှိနေတဲ့အတွက် စိုးရိမ်တယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်နိုင်ရေးနဲ့ပတ်သက်လို့ ဖွဲ့စည်းထားတဲ့လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီကို အေအေပီပီ ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းလို အဖွဲ့ အစည်းမျိုးတွေက တင်ပြတဲ့ အကျဉ်းသားစာရင်းပါ လူအားလုံးကို နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ် မပြုတာမျိုးတွေရှိနေတယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဥပမာ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်၊ သူရကျော်၊ ဂိုပျံစိန်၊ ဗိုလ်ကြီးနေလင်းဒွေးနဲ ဒေါက်တာထွန်းအောင် စသူတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူတာ မဟုတ်ဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ ကြားရကြောင်း ဦးမင်းလွင်ဦးကပြောပါတယ်။

ဒီလူတွေဟာ နိုင်ငံရေးကိစ္စတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရတယ်၊ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် ဆိုရင် အရင် စစ်အစိုးရနဲ့ မြောက်ကိုးရီးယား ပူးတွဲ လုပ်ဆောင်နေတဲ့ နျူးကလီးယားကိစ္စကို ကမ္ဘာသိအောင် ထုတ်ဖေါ်ခဲ့တယ်လို့ စွပ်စွဲပြီး လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးဟောင်းနေလင်းဒွေးဟာလည်း တပ်မတော်တွင်း လာဘ်စားမှုကို ဝက်ဆိုဒ်တခုမှာ ရေးခဲ့လို့ ဆိုပြီး အရေးယူခံရသူ ဖြစ်ပါတယ်။

ဒီလို လူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး ပြန်လွှတ်ပေးဖို့ AHRC က တောင်းဆိုတယ်လို့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလူတွေရဲ့ လုပ်ဆောင် ချက်တွေဟာ ပြည်သူ့အတွက် လုပ်ဆောင်ခဲ့တာလား၊ ကိုယ်ကျိုးအတွက် လုပ်ခဲ့တာလား၊ ပြဒ်ဒဏ်ပေးတာတွေက မှန်ကန်မှု ရှိမရှိ၊ ပြစ်ဒဏ်ချစဉ်က ထုချေပိုင်ခွင့် ရှိမရှိ၊ စတာတွေကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ဆိုတာကို ဖြေရှင်းလို့ ရနိုင်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ