၆၆ နှစ်မြောက် အာဇာနည်နေ့ နိုင်ငံတဝန်း ကျင်းပ

မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို ဦးဆောင် ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံ ခံရတဲ့ ၆၆ နှစ် မြောက် အာဇာနည်နေ့ အထိမ်း အမှတ် အခမ်း အနား ကို ရန်ကုန်မြို့က အာဇာနည် ဗိမာန်မှာ ကျင်းပ ခဲ့ရာ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ ပါတယ်။

မိုးရွာ ပြီးစ မနက်ခင်း နေခြည် နုနုအောက်မှာ ကျင်းပတဲ့ အာဇာနည်နေ့ တရားဝင် နိုင်ငံတော် အခမ်း အနား ပြီးတဲ့ အခါ မှာတော့ အာဇာနည် ဗိမာန် ကို ဒေါ်အောင်ဆန်းစုကြည် အရင်ဆုံး ရောက်လာ ပါတယ်။

အဖြူရောင်အင်္ကျီ အနက်ရောင် လုံခြည်နဲ့၊ ပုဝါနက်ကို ခြုံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က နှင်းဆီ ပန်းခြင်း ကြီး သုံးခုနဲ့ အတူ အာဇာနည် ခေါင်းဆောင် တွေကို ဂါရဝပြု ပါတယ်။

ခါတိုင်း နှစ်တွေမှာ လာနေကျ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သား ဦးအောင်ဆန်းဦး ကိုတော့ မတွေ့ရပါ။ ဒီနောက်မှာတော့ အခြား အာဇာနည် ခေါင်းဆောင်တွေရဲ့ ဆွေမျိုး သားချင်းတွေ၊ အဲဒီနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌနဲ့ အဖွဲ့၊ အမျိုးသား လွှတ်တော် ဒုဥက္ကဌနဲ့ အဖွဲ့၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ နိုင်ငံရေး ပါတီတွေ၊ အန်ဂျီအို တွေနဲ့ သံတမန်တွေ၊ တဖွဲ့ချင်းစီ လာရောက် အလေးပြုကြ ပါတယ်။ အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့ လမ်းပိတ် ထားတဲ့ အဝင် လမ်းတွေ ရှေ့ မှာတော့ အများ ပြည်သူ အတွက် အာဇာနည် ဗိမာန်ကို ဖွင့်ပေးမယ့် မွန်းတည့် ချိန်ကို လူထုပရိသတ်တွေက တမနက်လုံး စောင့်ဆိုင်း နေခဲ့ ပါတယ်။

စစ်အစိုးရ မတိုင်ခင် အထိ အာဇာနည်တွေ လုပ်ကြံ ခံရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ ဥသြ ဆွဲတဲ့ အစဉ် အလာကို လက်ရှိ အစိုးရက ပြန်မလုပ် ပေးပေ မယ့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တကသနဲ့ Generation Youth အဖွဲ့ တို့က ဦးဆောင်ပြီး ကိုယ့် အစီ အစဉ်နဲ့ကိုယ် ဆောင်ရွက် ခဲ့ကြ ပါတယ်။

ပထမတော့ လမ်းဘေးမှာ စီတန်းရပ် နေကြတဲ့ ကျောင်းသား လူငယ် အများစု ပါတဲ့ အဖွဲ့က ဥသြသံနဲ့ စလိုက်ပြီး နောက်ပိုင်း မှာတော့ လမ်းမှာ ဖြတ်မောင်း လာတဲ့ ကားတွေပါ ပူးပေါင်း ပါဝင်လာကြ တာမို့ အဲဒီနား တဝိုက်မှာဟွန်း သံတွေနဲ့ ဆူညံ နေခဲ့ ပါတယ်။

လမ်းဘေးမှာ အလေးပြု ဥသြ ဆွဲတဲ့ အစီအစဉ် ပြီးတဲ့ အခါ မှာတော့ သူတို့ တတွေဟာ အာဇာနည် ဗိမာန်ကို စုပေါင်း ချီတက် ထွက်ခွာ သွားခဲ့ ပါတယ်။ ရန်ကုန် မှာတော့ အလုံမြို့နယ် အပြင်၊ အင်းစိန်၊ လှည်းတန်းနဲ့ တခြား နေရာတွေ မှာလည်း အလားတူ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်လို့ အဲဒီ လူငယ်တွေက ပြောပါတယ်။

အာဇာနည် ဗိမာန်နဲ့ ဗိုလ်ချုပ်ပြတိုက် တို့ကို အစိုးရက အများပြည်သူတွေကို လာရောက်ခွင့်ပြုခဲ့ ပါတယ်။ ၆၆နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ် အရှိန်အဝါ က ကြီးမားဆဲ ဖြစ်သလို သူ့ အပေါ် လူတွေက ဘယ်လောက် ချစ်ခင် လေးစား ကြတယ် ဆိုတာ ကိုလည်း ဒီဖြစ်ရပ်တွေက ညွှန်ပြနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ