၂၀၁၇ ခုနှစ်ကျရင် မြန်မာပြည်မှာ အသက်ကြီးသူ ပိုများလာမယ်လို့ ခန့်မှန်း

Image caption စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OECD

၂၀၁၇ ခုနှစ် ကျရင် မြန်မာနိုင်ငံမှာ အသက်ကြီးရင့်တဲ့သူ အရေအတွက် ပိုများလာပြီး အလုပ်လုပ်နိုင်သူ နည်းလာမှာ ဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှု မြန်ဆန်အောင် ပြုပြင် ပြောင်းလဲရေးတွေလုပ်ဖို့ လိုနေကြောင်း OECD စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နဲ့ UNESCAP ကုလသမဂ္ဂ စီးပွာရေးနဲ့ လူမှု ရေးဆိုင်ရာ အဖွဲ့အစည်းတို့ ပူးပေါင်းရေးသားတဲ့ အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။

အစီရင်ခံစာကို ဦးဆောင် ရေးသားသူဖြစ်တဲ့ မာဂျစ်မိုလ်နာ (Margit Molnar) ကို အဲဒီအစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ဘီဘီစီ ကမေးမြန်းကြည့်တော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးမှာ Institutional capital လို့ခေါ်တဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် စုစည်း ဆောင်ရွက်နိုင်မှု မရှိတဲ့ အချက်ကြောင့် ဖွံ့ဖြိုးမှုအတွက် အဓိကအတား အဆီးဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာပြည် မှာအသက်ကြီးတဲ့လူတွေ ပိုများလာနေတဲ့ အတွက် ဒါကို အလျှင်အမြန် ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်လို့လည်း သူမက ပြောပါတယ်။

ဒီနေရာမှာ တိတိကျကျပြောရရင် microeconomic stability တနိုင်ငံလုံး အတိုင်း အတာနဲ့ စီးပွားရေး ကဏ္ဍ တည်ငြိမ်အောင် ဆောင်ရွက်ဖို့၊ ဥပဒေစိုးမိုးမှု ရှိဖို့၊ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းဖို့ ၊ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ တွေကို ကျမတို့ ဆွေးနွေး ခဲ့ကြတယ်လို့ သူမက ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ အသက်အရွယ်ကြီးသူတွေ အတော်များလာမှာမို့ နိုင်ငံ ဖွံ့ဖြိုးမှုနှုန်းကိုလည်း ပိုများလာအောင် လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အစိုးရအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်စရာ အချိန်နည်းလာတဲ့အတွက် လူတွေ အသက်ကြီး ရင့်လာတာဟာ အရေးကြီးတဲ့ အချက် ဖြစ်ကြောင်း သူမက ဆိုပါတယ်။

လာမယ့် ငါးနှစ်လောက်အတွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေက လျော့ကျလာပြီး ရုတ်တရက် သိသိသာသာ လျော့ကျသွားမှာ မဟုတ်ပေမယ့် တဖြည်းဖြည်းတော့ လျော့သွားမှာ ဖြစ်တဲ့ အတွက်လူတွေအသက် ကြီး မသွားသေးခင်မှာ နိုင်ငံကြွယ်၀ချမ်းသာလာဖို့ လိုပါတယ်လို့ သူမက ရှင်းပြပါတယ်။

မြန်မာ နိုင်ငံမှာက လူတွေ ၀င်ငွေနည်းနေတဲ့အတွက် တချို့ ၀င်ငွေကောင်းတဲ့ နိုင်ငံတွေမှာ အသက်ကြီးသူတွေ များလာပေမယ့် လူမှုဖူလုံရေးအတွက် သုံးစရာငွေရှိပြီး မြန်မာလို၀င်ငွေနည်းတဲ့ နိုင်ငံမှာတော့ အခက်အခဲ ရှိကြောင်း ၊ ဥပမာ လာအိုတို့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေမှာ နောက်နှစ် ၂၀ လောက်ဆိုရင် အသက်ကြီးသူ တွေများလာချိန်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေကတော့ အဲဒီထက် အရင် လျော့ကျလာမှာ ဖြစ်ကြောင်း ၊ ထိုင်းလိုနိုင်ငံမျိုးမှာ ၀င်ငွေပမာဏက မြင့်နေတော့ အဲဒီလိုဖြစ်လို့ ပြဿနာမရှိနိုင်ပါဘူးလို့ သူမက ပြောပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးမှုကို အလျှင်အမြန်ရအောင် လုပ်ဖို့က သိပ်အရေးကြီးပြီး လူ့အဖွဲ့အစည်းရင်းမြစ် social capital တွေ အား ကောင်းလာဖို့လည်း အရေးကြီးကြောင်းနဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို လူထုက လက်ခံနိုင်အောင် ဆောင်ရွက်ဖို့လည်းလိုတယ် ၊ တခါတရံမှာ ပြုပြင် ပြောင်းလဲရေးကြောင့် ရေတိုမှာ အနစ် နာခံရတာတွေရှိတဲ့ အတွက်ကြောင့်လူထုက အစိုးရအပေါ် ယုံကြည်မှု ရှိဖို့ သိပ်အရေးကြီးတယ်လို့ သူမက ရှင်းပြခဲ့ပါတယ်။

ဒီနေရာမှာ အစိုးရရဲ့ စွမ်းဆောင်ရည်ဟာလည်း အရေးပါပြီး ခုချိန်မှာ မြန်မာအစိုးရဟာ အကြံဉာဏ်ပေးတာတွေကို လက်ကမ်း ကြိုဆိုလက်ခံနေတာကြောင့် ကျွန်မတို့ဖက်ကလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက် သွားမှာပါလို့ မာဂျစ် မိုလ်နာက ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ