မြေယာ သိမ်းဆည်းမှုတွေ ပြန်ရတာ ရှိသလို ဖမ်းဆီး တရားစွဲခံရတာတွေလည်း ရှိနေ

Image caption လယ်စိုက်သူတွေ လယ်ပြန်လိုချင်နေ

ဒီနှစ်ပိုင်း အတွင်း နိုင်ငံနဲ့အဝှမ်း မြေယာ သိမ်းဆည်းမှုတွေကို ပြန်လည် ရလိုမှုနဲ့ သမ္မတနဲ့ လွှတ်တော်ကို တိုင်တန်းတာတွေ ထွန်တုံးတိုက်ပွဲ ၀င်တာတွေကြောင့် မြေယာတွေ ပြန်ရတာ ရှိသလို ဖမ်းဆီးခံရသူတွေ တရားစွဲခံရသူတွေလည်း ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ဖြစ်တဲ့ ၁၉၉၃ ခုနှစ်က ရွှေဘိုမြို့ မြောက်ဘက် ၅မိုင်လောက်ဝေးတဲ့ ရွာ ၃ရွာမှာ လေ့ကျင့်ရေး တပ်ရင်း ၈က သိမ်းထားတဲ့ လယ်ဧက ၆၀၀ကျော်ကို ပြန်လည်ရလိုမှုနဲ့ လယ်သမားတွေက တောင်းဆိုလို့ သက်ဆိုင်ရာ တပ်ရင်းက လျော်ကြေးပေးမယ် ညှိနိုင်းခဲ့လို့ တဧက ၇သိန်းနုန်းနဲ့ ၂ဖက်သဘောတူ ကြေအေး လိုက်ကြပါတယ်။

အဲလို ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်တာ ရှိသလို ကန့်ဘလူ အမှတ် ၁ သကြားစက်က သိမ်းထားတဲ့ ဧက ၃သောင်းကျော် မရသေးတဲ့ အကြောင်း လယ်သမားအရေး အလုပ်သမား အရေး ကူညီ ဆောင်ရွက်သူများအဖွဲ့ရဲ့ တာ၀န်ခံ တယောက်ဖြစ်တဲ့ ကိုတင်နိုင်ထွန်းက ပြောပါတယ်။

ဒီလိုအလားတူပဲ ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်ထဲမှာ သိမ်းထားတဲ့မြေတွေ ပြန်ရတာရှိသလို ပြန်တောင်းလို့ တရားစွဲခံရတဲ့တောင်သူတွေလည်း ရှိနေပါတယ်။

မြောင်မြမြို့နယ် ကွယ်လည်ကျေးရွာမှာ စက်မှုဇုံ ဆောက်ဖို့ ဆိုပြီး ၂၀၀၃နဲ့ ၂၀၀၄ က လျော်ကြေး မပေးဘဲ သိမ်းခဲ့တဲ့ တောင်သူ ၁၄ ဦးရဲ့ လယ်မြေ ၅၈ ဧကကျော် အတွက် လွှတ်တော်ကို တိုင်တန်းခဲ့လို့ ခုအခါမှာ တဧက သိန်း ၂၀ လျော်ကြေး ရခဲ့ပါတယ်။

အဲလို ပြန်ရတာတွေ ရှိပေမယ့် မြောင်းမြမြို့နယ် ပျဉ်ပုံအုပ်စု ညောင်ချောင်းလေး ရွာမှာတော့ မြောင်းမြ ပတ်၀န်းကျင် တပ်ရင်း ၅ခုက သိမ်းထားတဲ့ ဥယျာဉ်ခြံ ဧက ၅၀၀ ကျော်တော့ ပြန်မရသေးတဲ့ အပြင် ထွန်တုံး တိုက်ပွဲ၀င်သူ တောင်သူ ၉ ဦးကို တရားစွဲ ခံထားရတဲ့ အကြောင်း မြောင်းမြ တောင်သူလယ်သမား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုသန့်ဇော်ဦးက ပြောပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ကြီးရွာမှာတော့ အမှတ်၁ သိပ္ပံနဲ့ နည်းပညာ တပ်က သိမ်းထားတဲ့ တောင်သူ ၂၈ ဦးပိုင်တဲ့ လယ်မြေဧက ၁၂၅ ဧကကို အရင်က မူလပိုင်ရှင် လယ်သမားတွေကို သီးစားခ ပေးခိုင်းပြီး လယ်လုပ်ခွင့် ပေးခဲ့ပေမယ့် အခုတောင်သူတွေက သူတို့မြေတွေ ပြန်ရလိုမှုနဲ့ တောင်းဆို ကြတာကြောင့် လယ်သမားတွေကို ဖြတ်သန်းခွင့်တောင် မပေးတော့လို့ ပျိုးထားတဲ့ ပျိုးပင်တွေ ခြောက်ကုန်ပြီး လယ်မြေတွေတောင် ပက်ကြား အက်ကုန်ပြီလို့ လယ်သမားတွေက ပြောပါတယ်။

သာစည်မြို့နယ် ထဲမှာလည်း တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်လည် ရလိုမှုနဲ့ ထွန်တုံး တိုက်ပွဲ၀င်ခဲ့လို့ ဦးဆောင်သူ ဒေါ်သန္တာ ဖမ်းဆီးခံ ထားရသလို နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်မှာလည်း လယ်သမားတွေကို သွားရောက် အားပေးခဲ့တဲ့ မိတ္ထိလာ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ဒေါ်မြင့်မြင့်အေးနဲ့ ဦးဆောင်သူ ၃ယောက်ကို ဖမ်းဆီး တရားစွဲဆို ထားပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ကတော့ တပ်မတော်က သိမ်းထားတဲ့ လယ်မြေတွေထဲက စီမံကိန်း မလုပ်တဲ့ လယ်မြေတွေကို မူလ ပိုင်ရှင်တွေကို ပြန်ပေးမယ်လို့ ပြောခဲ့တာကြောင့် လယ်သိမ်းခံ လယ်သမားတွေကတော့ သူတို့ လယ်မြေတွေပြန်ရမယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ