သန်းခေါင်စာရင်းရော ဘင်္ဂါလီစာရင်းပါ ကောက်မယ်

Image caption နှစ် သုံးဆယ် နီးပါး ရပ်နား ထားတဲ့ တနိုင်ငံလုံး သန်းခေါင် စာရင်းကို ပြန်ကောက်မယ်

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း သုံးဆယ် နီးပါး ရပ်နား ထားတဲ့ တနိုင်ငံလုံး သန်းခေါင် စာရင်း ကို ကောက်မှာ ဖြစ်ပြီးတော့ အဲဒီ မတိုင်ခင် မှာလည်း တိုက်ခိုက် မှုတွေ ရှိလို့ ရပ်ထား ခဲ့ရတဲ့ ဘင်္ဂါလီ စာရင်း အပြီး ပြန်ကောက် မယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ပြောကြား လိုက်ပါတယ်။

လာမယ့် မတ်လ ၃၀ ရက် နေ့ ကနေ၊ ဧပြီလ ၁၀ ရက် နေ့ အထိ ကောက်ခံမှာ ဖြစ်ပြီး၊ ရခိုင် ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီ လူဦးရေ စာရင်းကိုတော့ Third party နိုင်ငံ တကာက ကြားခံ အဖွဲ့ အစည်း တွေရဲ့ အကူ အညီ နဲ့ ကောက်ခံ သွားမယ် လို့ ဝန်ကြီး ဦးခင်ရီက ပြောကြား ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဒုက္ခသည် စခန်း တခုမှာ လူဦးရေ စာရင်း ကောက်ရာမှာ ဘင်္ဂါလီလို့ သုံးတဲ့ အတွက် ပြဿနာ ဖြစ် ပြီး တိုက်ခိုက် မှုတွေ ရှိတာ ကြောင့် စာရင်းကောက် တာတွေ ရပ် ထားခဲ့ ရပြီးတော့ အခု နိုင်ငံ တကာက ကြားခံ အဖွဲ့ အစည်းတွေ အကူအညီ နဲ့ ပြန်ကောက် ဖို့ စီစဉ် နေတာ ပါလို့ ဦးခင်ရီက ပြောပါတယ်။

ကြားခံ အဖွဲ အစည်း ဆိုတာဟာ အစိုးရလည်း မဟုတ် ဒေသခံ ရခိုင်တွေ မဟုတ်တဲ့ သြဇာ ရှိတဲ့ နိုင်ငံ တကာ က အဖွဲ့ အစည်းတွေ ဖြစ်တယ် လို့လည်း သူ က ရှင်းပြ ပါတယ်။ ရခိုင် ပြည်နယ်မှာ ဘင်္ဂါလီ ဦးရေ ၈ သိန်း လောက် ရှိမယ်လို့ အစိုးရ ဘက်က ပြောထား ပါတယ်။

မြန်မာ တနိုင်ငံလုံး သန်ခေါင် စာရင်း ကောက် ဖို့ အတွက် အမေရိကန် ဒေါ်လာ ၅၅ သန်း ကျော် ကုန်ကျ မယ်လို့ တွက်ချက် ထားပြီးတော့ အစိုးရက ဒေါ်လာ ၁၅ သန်း ထည့်ဝင်ထား သလို၊ ကုလသမဂ္ဂ နဲ့ ဗြိတိန် အပါ အဝင် အလှူရှင် တိုင်းပြည်တွေ လှူဒါန်းမှု ကြောင့် ဒေါ်လာ ၁၈သန်း ကျော်သာ လိုအပ် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ