မန္တလေးမှာ လက်လုပ်မိုင်း ပေါက်တာလို့ ရဲက ခန့်မှန်း

21july_mandalay_woman_blast
Image caption ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အမျိုးသမီး

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်၊ ရတနာဘူမိ အနောက်ရပ်ကွက် အတွင်း ဆရာတော် ဦးဝီရသူရဲ့ တရားပွဲ ကျင်းပရာ နေရာ အနီးမှာ တနင်္ဂနွေနေ့ ညက ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် လူ ၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေထဲမှာ တစ်ယောက်ကို ဆေးရုံ တင်ထား ပေမဲ့ စိုးရိမ်စရာ မရှိကြောင်းနဲ့ ကျန်တဲ့သူ အားလုံးရဲ့ ဒဏ်ရာတွေဟာလည်း အနည်း အပါး ထိခိုက်တာလောက်သာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ထောက်လှမ်းရေး နဲ့ လုံခြုံရေး ဌာန ဒုတိယ ရဲမှူးကြီး မင်းအောင် က ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာ ရခဲ့ကြသူတွေ ထဲမှာ ဆေးရုံတင်ထားရသူက ဒေါ်အေးခင် ဖြစ်ပြီး ကျန်သူတွေက ဦးကျော်ဦး၊ ကိုရင်တစ်ပါး၊ အမျိုးသမီးငယ် တစ်ယောက်နဲ့ စကား မပြောတတ်သူလို့ သိရသူ တစ်ယောက်တို့ ဖြစ်တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရခဲ့ကြသူတွေနဲ့ ထိခိုက် ခဲ့တဲ့ ကားကို ကြည့်ပြီး အသေးစား လက်လုပ်မိုင်း ပေါက်ကွဲမှုလို့ ခန့်မှန်းကြောင်း လည်း သူက ပြောပါတယ်။

လုံခြုံရေး တင်းကျပ်ဖို့ အထက်က ညွှန်ကြားထားတဲ့ အတိုင်း ဒေသခံ ရဲတွေက စီစဉ် ဆောင်ရွက် နေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

တရားပွဲမှာ ပေါက်ကွဲတယ် ဆိုတာမျိုး အရင်က မရှိခဲ့တဲ့ အတွက် ဒေသခံတွေ အနေနဲ့ စိုးရိမ် နေကြတဲ့ အပြင် ဗုဒ္ဒဘာသာ တရားပွဲတွေကို လူတွေ မလာရဲမှာ လည်း စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသ အာဏာပိုင်တွေ အနေနဲ့ တရားပွဲ တွေမှာ လုံခြုံရေး တာဝန်ယူဖို့နဲ့ ဓမ္မကထိက ဆရာတော်တွေရဲ့ အသက် အန္တရာယ်ကို ကာကွယ် ပေးဖို့ ပြောတဲ့ ဒေသခံလည်း ရှိပါတယ်။

ဆရာတော် ဦးဝီရသူကတော့ သူ့ကို TIME မဂ္ဂဇင်းနဲ့ ဟန့်တားဖို့ ကြိုးစားပေမဲ့ မရလို့ အခုနည်းကို သုံးခဲ့တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ