ပြန်လွတ်တဲ့ နိုင်ကျဉ်းတွေထဲ တိုင်းရင်းသား အများစု ပါဝင်

Mrang Naw Hseng
Image caption အင်းစိန် အကျဉ်းထောင်က ပြန်လွတ် လာသူ မရမ် နော်ဆိုင်း Marang Naw Hseng

တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား အများစု ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၇၃ ယောက်ကို ဇူလိုင်လ ၂၃ ရက် အင်္ဂါနေ့က ပြန်လွှတ် ပေးခဲ့ပါတယ်။

ပြန်လွတ် လာကြ သူတွေထဲမှာ ဗိုလ်မှူးကြီး ယွက်စစ် ခေါင်းဆောင်တဲ့ SSNA အဖွဲ့က သေဒဏ် ကျခံ ခဲ့ကြရတဲ့ တပ်သားတွေနဲ့ ကေအိုင်အို တပ်သားတွေလည်း ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

မန္တလေး အိုးဖို ထောင်က ပြန်လွတ်လာတဲ့ SSNA အဖွဲ့က တပ်သားတွေ ကတော့ အခု လွှတ်ပေးမှုဟာ သူတို့ ခေါင်းဆောင်နဲ့ အစိုးရတို့ နေပြည်တော်မှာ မကြာသေးခင်က ဆွေးနွေးခဲ့မှုရဲ့ ရလဒ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရကြား ဆွေးနွေးမှုမှာ ကေအိုင်အို ဘက်က ရပ်တည် ပါဝင်ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက ဗိုလ်မှူးကြီး ဦးခွန်ဥက္ကာကတော့ သမ္မတ ဦးသိန်းစိန်က ဥရောပ ခရီးစဉ် အတွင်းမှာ တပြည်လုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေးလုပ်မယ် လို့ ပြောခဲ့အပြီး အဲဒီထဲမှာ ကေအိုင်အို ကလည်း ပါဝင်စေချင်လို့ အချိန်ကိုက် လွှတ်ပေးတာလို့ ပြောပါတယ်။

အခုလို ကချင် အကျဉ်းသားတွေ လွတ်လာ တာဟာ ကေအိုင်အို အဖွဲ့က လိုလားတောင်းဆိုမှု အများ အပြား ထဲက နိုင်ငံရေးနဲ့ တိုက်ရိုက် မဆိုင်တဲ့ ကိစ္စတွေ ရလာတာလို့ ပြောရင် ရနိုင်ကြောင်း၊ ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ဆိုင်တာတွေတော့ မရသေးတာ တွေ့ရတယ်လို့ ဗိုလ်မှူးကြီး ဦးခွန်ဥက္ကာက ပြောပါတယ်။

ဥပမာ အားဖြင့် ရှေ့တန်းမှာ အစိုးရ စစ်တပ်ရဲ့ စစ်စခန်း တွေနဲ့ ကေအိုင်အေ စစ်စခန်းတွေ နီးကပ် နေတာကြောင့် ပဋိပက္ခဖြစ်ဖို့ လွယ်ကူစေတဲ့ အတွက် အစိုးရ တပ်ဘက်က နေရာ ရွှေ့ပေးဖို့ ကေအိုင်အိုက တောင်းဆိုထားတာ အခုထိ မလုပ် သေးတဲ့ ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုတွေ အတွက် ခိုင်ခိုင်မာမာ အာမခံ ပေးတာ မတွေ့ရသေးတဲ့ ကိစ္စတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ