လက်ပံတောင်း စာချုပ်သစ် ပွင့်လင်း မြင်သာဖို့ လို

Letpadaung Protesters
Image caption ကြေးနီစီမံကိန်း ပွင့်လင်း မြင်သာမှု မရှိလို့ ဒေသခံ တွေ မကျေမနပ် ဖြစ်ပြီး ကန့်ကွက်ခဲ့ကြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အကြံ ပြုချက် တွေကို အကောင် အထည်ဖော်တဲ့ အနေနဲ့ စာချုပ်သစ် ပြင်ဆင် ချုပ်ဆို ပြီးတဲ့နောက်၊ ရရှိတဲ့ အကျိုး အမြတ်တွေကို ခွဲဝေ ယူရေးနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ အစီရင် ခံစာ အကောင် အထည်ဖော်ရေး ကော်မီတီက ပြည်ထောင်စု လွှတ်တော်မှာ ဇူလိုင် ၂၅ ရက် နေ့က ရှင်းလင်း ပြောပြခဲ့ ပါတယ်။

အစီရင် ခံစာ အကောင် အထည်ဖော်ရေး ကော်မီတီ ဥက္ကဌ ဝန်ကြီး ဦးလှထွန်းနဲ့ ဦးမြင့်အောင်တို့ လာရောက်ရှင်းပြ ခဲ့ကြရာမှာ စာချုပ်သစ် အရ အကျိုး အမြတ် ခွဲဝေ ခံစားခွင့်နဲ့ ပတ်သက်လို့ အစိုးရ သတ္တုတွင်း ဝန်ကြီး ဌာနက အစု ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က ၁၉ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ရရှိကြမှာ ဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပုလဲ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ရရှိလာတဲ့ နှစ်စဉ် အကျိုး အမြတ်ငွေထဲက ၂ ရာခိုင်နှုန်း ကိုလည်း ဒေသဖွံ့ဖြိုးရေး အတွက် အသုံးပြုမယ်ဆိုတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ အရင် စာချုပ် အဟောင်းမှာ ဘာတွေ ပါဝင်ခဲ့ပြီး စာချုပ် အသစ်မှာ ဘာတွေကို ပြောင်းလဲ ထည့်သွင်း ထားတယ် ဆိုတာမျိုး ကိုတော့ ခွဲခြား ရှင်းပြ သွားတာ မရှိဘူးလို့ လွှတ်တော် အမတ်တွေက ပြောကြပါတယ်။

အစိုးရ အနေနဲ့ ၅၁ ရာခိုင်နှုန်း ရလာမယ် ဆိုရင် အရင်က မရခဲ့တဲ့ အခွင့် အရေး ကို ရလာတာ လို့ ပြောနိုင်ပေမဲ့ ဒါဟာ တကယ်တန်း ရသင့် ရထိုက်တဲ့ အခွင့် အရေး ဟုတ်မဟုတ် ဆိုတာ ကိုတော့ အခု ချိန်မှာ မပြောနိုင် သေးဘဲ ရလာတဲ့ အကျိုး အမြတ်တွေနဲ့ ပတ်သက်လို့ အစိုးရက ထုတ်ပြန်လာတဲ့ အခါမှသာ သိနိုင်လိမ့်မယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အရင် စာချုပ်ဟောင်းမှာ ပါတဲ့ အချက် တွေကို ပွင့်လင်း မြင်သာအောင် ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိခဲ့တဲ့ အတွက် ဒေသခံ တွေနဲ့ ပြည်သူတွေ ကြားမှာ ပြသနာတွေ ဖြစ်ခဲ့ကြရတာ ကြောင့် အခု ပြန်လည် ချုပ်ဆိုတဲ့ အခါမှာ ဒေသခံ တွေနဲ့ တိုင်းပြည်ကို ချပြပြီးမှ ချုပ်ဆိုရင်တော့ အငြင်းပွား စရာ ရှိမှာ မဟုတ်ဘူးလို့ လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ စာချုပ် ချုပ်ဆိုခဲ့ ပြီးကာမှ လွှတ်တော်ကို လာပြီး ရှင်းလင်း ပြတာ ကလည်း အကြမ်းဖျင်းသာ ဖြစ်တယ်၊ ဒါကြောင့် စာချုပ် ကိစ္စမှာ ပွင့်လင်း မြင်သာဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ