မီဒီယာဥပဒေ အရေး မပြေလည်သေး

Image caption ထပ်ပြင် ခိုင်းတာဟာ ဥပဒေ ထွက်ရေးကို ဟန့်တားတာ ဖြစ်တယ် လို့ စာနယ်ဇင်း ကောင်စီယာယီ ကပြော

မြန်မာ စာနယ်ဇင်း ကောင်စီက သူတို့ ရေးဆွဲ ထားတဲ့ သတင်း မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီး ဌာနက လွှတ်တော်ကို မရောက် နိုင်အောင် လုပ်နေ တယ်လို့ ရန်ကုန်မှာ လုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ဥပဒေ နှစ်ခုကို နှစ်ဘက် အပြန် အလှန် ညှိနှိုင်း ပြင်ဆင်ကြ ပြီးမှ လွှတ်တော် တင်မယ် ဆိုပြီး ပြန်ကြားရေး နဲ့ စာနယ်ဇင်း ကောင်စီတို့ အကြား သဘောတူ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဇူလိုင်လ ၄ ရက်မှာ ပြန်ကြားရေး ဘက်ကနေ စာနယ်ဇင်း ကောင်စီ ပြင်ခိုင်းတာ တွေကို မပြင်ဘဲ လွှတ်တော် တင်ပြီး ဥပဒေ အတည်ပြု လိုက်နိုင်တဲ့ အချိန်မှာ ကန့်ကွက် မှုတွေ စခဲ့တာပါ။

ဇူလိုင်လ ၇ ရက် နေ့မှာတော့ စာနယ်ဇင်း ကောင်စီကနေ ပြန်ကြားရေး ရဲ့ ဥပဒေ ကိုကန့်ကွက် လိုက်ပြီးတော့ ၂၄ ရက် နေ့မှာ ပြန်ကြားရေး ဘက်ကလည်း စာနယ်ဇင်း ကောင်စီရဲ့ မီဒီယာ ဥပဒေ ကြမ်းကို နေပြည်တော်မှာ ထပ်ပြီး ပြင်ခိုင်း လိုက်ပါတယ်။

သတင်း မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီး ဌာနက အချက် ၁၇ ချက် ကို ထပ်ပြင် ခိုင်းလိုက်တာ ဟာ ဒီဥပဒေ ထွက်ပေါ် လာရေးကို ဟန့်တား နေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီမှ ဦးသီဟစော က ပြောပါတယ်။

စာနယ်ဇင်း ကောင်စီက ရေးဆွဲ နေတဲ့ ဥပဒေကြမ်း ကို လွှတ်တော် မတင်ရသေး ခင်မှာ ဒီလို ပြင်ဆင် ဖို့ ပြန်ကြား ရေးဘက်က ပြော လာပေမဲ့၊ ပြန်ကြား ရေး ဘက်က တင်တဲ့ ပုံနှိပ် ဥပဒေ မူကြမ်းကို စာနယ်ဇင်း ကောင်စီက ဒီလဆန်းက ကန့်ကွက်ခဲ့ ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဌာန ဘက်က ပုံနှိပ် ဥပဒေကို အတည်ပြုဖို့ အမျိုးသား လွှတ်တော် ပြည်ထောင်စု လွှတ်တော် အပါဝင် သမ္မတ အထိ အဆင့်တွေ ကျန်သေး သလို စာနယ်ဇင်း ကောင်စီ ကလည်း ပြန်ကြားရေး ဝန်ကြီး ဌာနကို နောက်ထပ် ရှင်းလင်းရန် မရှိဆိုပြီး ပြောခဲ့ ပါတယ်။

စာနယ်ဇင်း ကောင်စီ ကတော့ သတင်း လွတ်လပ်မှု အတွက် နောက်ဆုံး အချိန်ထိ တိုက်ပွဲ ဝင်သွား မယ်လို့ ပြောကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ