ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနဲ့ အစိုးရ တွေ့ဆုံဆွေးနွေး

Image caption PSLF/TNLA အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ အကြား အရင်က အလွတ်သဘော တွေ့ဆုံခဲ့

PSLF/TNLA ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့တို့ ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အရင်က အလွတ်သဘော ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ဒီဆွေးနွေးပွဲဟာ နှစ်ဘက် အကြား ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးမှု မလုပ်နိုင်သေးပေမယ့် နောက်တကြိမ် တွေ့ဆုံ ဆွေးနွေးဖို့၊ ဆက်သွယ်ရေး လမ်းကြောင်းနဲ့ ပဋိပက္ခတွေ လျှော့ချဖို့ကို နှုတ်ကတိ အဖြစ် သဘောတူခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

အခုဆွေးနွေးပွဲကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ဘက်က ဒုတိယ ဗိုလ်မှူးကြီး တာ ဘုန်းကျော် ဦးဆောင်တဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့က ဒုတိယ ဥက္ကဌ ဦးအောင်မင်း ဦဆောင်တဲ့ အဖွဲ့တို့ မူဆယ်မြို့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို UNFC ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ အဖွဲ့ဝင်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။