လက်ပံတောင်းစာချုပ်သစ် ဒေသခံမကျေနပ်

စာချုပ်သစ်ကို လက်ပံတောင်း ဒေသခံများ မကျေနပ်ကြ
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် နိုင်ငံတော်နဲ့ ကုမ္ပဏီအကြား စာချုပ်အသစ် ချုပ်ဆိုတာနဲ့ ပတ်သက်ပြီး လက်ပံတောင်း ဒေသခံတွေက ကျေနပ်မှု မရှိတာကြောင့် စနေနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
အဲဒီလို လုပ်နေတဲ့ အချိန်မှာပဲ အာဏာပိုင် တွေက စစ်တပ်နဲ့ လုံထိမ်း ရဲတပ်ဖွဲ့တွေနဲ့ ရွာတွေထဲကို အင်အားပြ ဝင်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် လ ၂၄ ရက်နေ့က အစိုးရနဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ခွင့်ရ မြန်မာ ဝမ်ပေါင် ကုမ္ပဏီအကြား ချုပ်ဆိုခဲ့တဲ့ စာချုပ် အသစ်ဟာ ဒေသခံတွေ သဘောဆန္ဒ မပါဘဲ ချုပ်ဆို လိုက်တာနဲ့ စာချုပ်ပါ အချက် တွေကို မကြိုက်လို့ ဆိုပြီး လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ပါတဲ့ ၂၆ ရွာက ဒေသခံတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သူတို့ဆန္ဒကို ကြေငြာ လိုက်တာ ဖြစ်ပါတယ်။
ဝက်မှေးရွာမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို မန္တလေး မစိုးရိမ်တိုက်က ဦးဝီရသူ အပါအဝင် မီးလောင်ဗုံး ဒဏ်ခံခဲ့ရတဲ့ သံဃာတော် တွေလည်း တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
ဝက်မှေးရွာမှာ ဒေသခံ တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်သလို တုံရွာမှာလည်း စီမံကိန်း ဧရိယာမှာ ပါတဲ့ ၁၈ ရွာက ဒေသခံ တွေက သဘောထား ကောက်ခံတဲ့ အနေနဲ့ စည်းဝေးတဲ့ အခါမှာလည်း အားလုံးက စီမံကိန်းကို စာချုပ်သစ် အတိုင်းဆိုရင်လည်း လက်မခံ နိုင်ကြောင်း ဆုံးဖြတ် ခဲ့ကြပါတယ်။
အဲလို သတင်းစာ ရှင်းလင်းပွဲတွေ စည်းဝေးပွဲတွေ လုပ်နေတဲ့ အချိန်မှာဘဲ အာဏာပိုင် တွေက စစ်ကား ၆စီး လုံထိမ်းကား ၁၀ စီးနဲ့ တုံရွာနဲ့ ဆည်တည်း ရွာတွေကို ဝင်ရောက် စီးနှင်းမယ့် အနေထားနဲ့ လာတာကြောင့် ဒေသခံ တွေက သံချောင်းတွေခေါက် လူစုပြီး ဝိုင်းဝန်းခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်း စီမံကိန်း ဒေသခံတွေ ကတော့ စာချုပ်သစ် မှာပါတဲ့ သဘောတူညီချက် တွေအရ စီမံကိန်းက ရမယ့်အမြတ် ၂ ရာခိုင်နှုန်းကို ဒေသခံတွေ အတွက် သုံးပေးမယ် ဆိုတဲ့ အချက်ဟာလည်း အင်မတန် နည်းနေတာ အပြင် တကယ်လို့ အမြတ် မရခဲ့ရင် ဒေသခံတွေ အတွက် ဆုံးရှုံးမှုပဲ ရင်ဆိုင် ရနိုင်ပြီး ဘာအကျိုးမှ ခံစားခွင့် မရသလို ဖြစ်တာကြောင့် အများစုက ကန့်ကွက်တယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ လကုန်ပိုင်းက သမ္မတ ဦးသိန်းစိန်က လက်ပံတောင်း စီမံကိန်း ဒေသမှာပါတဲ့ ရွာတွေကို မရွေ့ချင်လည်း မရွေ့ဘဲ နေနိုင်ကြောင်း ပြောခဲ့ပေမယ့် မရွေ့သေးတဲ့ ရွာတွေကို အာဏာပိုင်တွေက ရွာအဖြစ် မသတ်မှတ်တဲ့ ကိစ္စလည်း ရင်ဆိုင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို မပြေလည်မှု တွေကို အစိုးရဘက်က ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြ ပါတယ်။