ရေကြီးမှုတွေ ဖြစ်ခဲ့တဲ့ မြဝတီမှာ ရေပြန်ကျ

Image caption ကရင်ပြည်နယ်အတွင်းမှာ မြဝတီမြို့က အဆိုးဝါးဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်ခဲ့ရ

ကရင်ပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးခဲ့တဲ့ မြ၀တီမြို့မှာ ကြာသပတေးနေ့လောက် ကစပြီး ရေပြန်ကျ သွားပြီ ဖြစ်ပါတယ်။

ထိုင်း မြန်မာ နယ်စပ် အဖြစ် ပိုင်းခြား ထားတဲ့ သောင်ရင်း မြစ်ရေဟာ သောကြာနေ့မှာ ၅၀၁ စင်တီမီတာ အထိ ကျလာပြီး စိုးရိမ် ရေမှတ် ဖြစ်တဲ့ ၄၇၇ စင်တီမီတာထက် ၁ ပေအမြင့်လောက် အထိ ကျလာပါတယ်။

မြ၀တီ မြို့ထဲမှာ တချို့ နိမ့်တဲ့ နေရာတွေမှာ ခြေသလုံးလောက် ၊ဒူးလောက် အထိ ရေတွေရှိနေပြီး နေရာ အတော်များများမှာတော့ ရွှံ့ဗွက်တွေ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်နေပါတယ်။

လောလောဆယ်မှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ အလောင်း ၃လောင်း ရထားတယ်လို့ တရားဝင် သိရကြောင်း၊ ကျန်တာတွေကိုတော့ တရားဝင် မသိရသေးကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ အတူ မြ၀တီကို ရောက်နေတဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမြင့်တင် က ဘီဘီစီကို ပြောပါတယ်။

ရေသန့်နဲ့ အစားအသောက်တွေ ကိုတော့ မြ၀တီမြို့တွင်းကအစိုးရနဲ့ ပရဟိတအဖွဲ့တွေက ရေဘေးသင့် လူထုတွေ အတွက် စီစဉ်ပေးနေသလို မဲဆောက်ဖက်က ထိုင်းနဲ့မြန်မာ ပရဟိတ အဖွဲ့တွေ ကလည်း နေ့စဉ် စီစဉ် ပို့ဆောင် ပေးနေပါတယ်။

လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နယ်စပ် မြ၀တီမြို့ကနေ ပြည်တွင်းကို သွားတဲ့ ကားလမ်းမှာ တောင်ပြိုတဲ့ နေရာတွေ၊ မြေပြိုတဲ့ နေရာတွေကို ဗဟိုအစိုးရက ပို့လိုက်တဲ့ အကြီးစား စက်ယန္တရားတွေနဲ့ အမြန်ဆုံး ပြုပြင်နေပြီး စနေနေ့က စလို့ ကားငယ်တွေကို အသွား အလာ စခွင့်ပြုမယ်လို့လည်း ဦးမြင့်တင် ကပြောပါတယ်။

လျှံတက်လာတဲ့ ရေတွေဟာ ရွေ့လျား စီးဆင်းနေတဲ့ ရေ ဖြစ်တာကြောင့် တခြား ကူးစက်ရောဂါ စတာတွေ မရှိပေမဲ့ မိုးဒါဏ်၊ လေဒါဏ်ကြောင့်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ဖြစ်တာတွေ များနေပြီး ကျန်းမာရေးဌာနနဲ့ ပရဟိတ အဖွဲ့တွေက ဆေးဝါး ကုသပေးနေပါတယ်။

ဒါပေမဲ့ တမြို့လုံးရဲ့ လမ်းကြို၊ လမ်းကြားတွေက ရွှံ့ဗွက်တွေ၊ ရေကျန်တွေကို ချက်ချင်း မရှင်းပစ်နိုင်ရင် မြို့နေ လူထု ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပရဟိတ ကျန်းမာရေး အဖွဲ့တွေက ပြောပါတယ်။

လောလောဆယ် မြ၀တီဖက်မှာ ရေကျသွားပေမဲ့ ဒီရက်ပိုင်းအတွင်း အင်ဒမန် ပင်လယ်ထဲက လေဖိအားနည်း မုန်တိုင်း၊ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ၀င်နိုင်တယ်လို့ ထိုင်းဇလဗေဒဌာနက ကြေညာထားပါတယ်။