ကျောင်းသားတပ်မတော် နဲ့ အစိုးရ သမိုင်းဝင် သဘောတူ

Image caption ၂နှစ် ကျော် ကြာ အစိုးရနဲ့ ၅ ကြိမ် ထက် မနည်း တွေ့ဆုံညှိနှိုင်း ခဲ့ပြီးနောက် အပစ်ရပ်ဖို့ သဘောတူ

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကျောင်းသား တပ်မတော်နဲ့ အစိုးရ အကြား အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြီ ဖြစ်ပါတယ်။

၈ လေးလုံး လူထု အုံကြွမှု ကြီးကနေ ပေါက်ဖွား လာခဲ့ပြီး၊ အစိုးရကို ၂၅ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက် ခဲ့တဲ့ ကျောင်းသား တပ်မတော်မှ ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ အဓိက အချက် လေးချက် ပါ သဘောတူ ညီချက်ကို လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

ဒီလက်မှတ်ထိုးပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း အဖွဲ့ အစည်းက ကိုမင်းကိုနိုင် အပါ အဝင် ခေါင်းဆောင် တချို့ ကလည်း အသိ သက်သေတွေ အဖြစ် ပါဝင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

၂နှစ် ကျော် ကြာ အစိုးရနဲ့ ၅ ကြိမ် ထက် မနည်း တွေ့ဆုံညှိနှိုင်း ခဲ့ပြီးနောက် သြဂုတ်လ ၅ ရက်နေ့မှာ အပစ်ရပ်ရေး သဘာတူ နိုင်ခဲ့ တာဟာ မြန်မာ နိုင်ငံရဲ့ သမိုင်း မှတ်တိုင် တခုလို့ ပြောရမှာ ဖြစ်ပါတယ်။

ABSDF ဥက္ကဌ ကိုသံခဲ ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် အပစ် အခတ် ရပ်စဲရေးဟာ ပဏာမ ဖြစ်တယ် ဆိုတာကို လက်ခံ ထားတာ ဖြစ်တယ်လို့ ပြောပါ တယ်။ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ တနိုင်ငံလုံးနဲ့ ပတ်သက် နေတဲ့ နိုင်ငံရေး ကိစ္စ ရပ်တွေကို ဆွေးနွေး သွားမယ်လို့ ကိုသံခဲက ဆက်ပြော ပါတယ်။

ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ကလည်း ကျောင်းသား တပ်မတော်နဲ့ အပစ် အခပ် ရပ်စဲဖို့ ဒီလောက် အချိန် ယူရတာဟာ ကျောင်းသား တွေက ပေါက်ဖွား လာတာ ဖြစ်တဲ့ အတွက် နိုင်ငံရေး အရ ဆွေးနွေး တိုင်ပင် ရတာ တွေများ တယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ABSDF ဗဟို ဌာနချုပ် အပြင် မြောက်ပိုင်းနဲ့ အနောက်ပိုင်းက ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း အယောက် ၃ဝ ကျော် တက်ရောက် ခဲ့ သလို အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနက စစ်ဖက် ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ တပ်ဘက်က အဆင့်မြင့် အရာရှိတွေပါ တက်ရောက် ခဲ့ကြ ပါတယ်။

အခု နှစ်ဘက် အပစ် အခတ် ရပ်စဲ ရေးဟာ ပြည်နယ် အဆင့် သဘောတူ တာ ဖြစ်ပြီး ကရင်ပြည်နယ် အနေနဲ့ လက်မှတ် ရေးထိုး ထားတာ ဖြစ်တဲ့ အတွက် မြဝတီ မြို့မှာ မကြာခင် ဆက်ဆံရေးရုံး ဖွင့်ဖို့ရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ