ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ဖွင့်လှစ်

Image caption ၈၈ က သေဆုံးခဲ့သူ စာရင်းကို ပြန်ကောက်မယ် လို့ ကိုမင်းကိုနိုင်က အခမ်း အနားမှာ ပြောပါ တယ်

၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ် မြောက် ငွေရတု အခမ်း အနားကို ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ သြဂုတ်လ ၆ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ ပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီအခမ်း အနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်က အဖွင့် မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

အစိုးရရဲ့ နှစ်ပေါင်း များစွာ အကြမ်းဖက် ဆူပူမှုကြီး တခုလို ပုံဖျက်ထားခြင်း ခံရတဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုကြီးကို၊ ၂၅ နှစ် အကြာ မှာ ဖြစ်ရပ် မှန်တွေ ပြန်လည် ဖော်ထုတ်တဲ့ အခမ်း အနား အဖြစ် ရန်ကုန် မြို့မှာ ခမ်းခမ်း နားနား ပထမဆုံး အကြိမ် ပြန်လည် ကျင်းပ နိုင်ခဲ့ ပါတယ်။

Image caption ၈၈ သမိုင်းဝင် ဓာတ်ပုံထဲမှာ ကိုယ်တိုင်ပါခဲ့သူ ဒေါက်တာ ဝင်းဇော်

နိုင်ငံ တကာရောက် နေတဲ့ ထင်ရှား သူတွေ ထောင်နဲ့ ချီပြီး လာရောက်ကြ သလို ရှစ်လေးလုံးကို ကြုံခဲ့တဲ့ သူတွေ ကလည်း အခမ်း အနားကို ရောက်လာ ကြ ပါတယ်။ ၁၉၈၈ ဝန်းကျင်တွေက အသက် ၂၀ ကျော် အရွယ် ကျောင်းသားတွေဟာ အခု အခါ မှာ လူလတ် ပိုင်းတွေ ဖြစ်ကုန်ပါပြီ။ သူတို့ တတွေဟာ တချိန် တုန်းက အာဏာ ရှင် ဆန့်ကျင်ရေးကို ပုန်းလျှိုး ကွယ်လျှိုး လှုပ်ရှား ခဲ့ရ သူတွေ ဖြစ်ပြီး၊ အခု အခါ ကိုယ့်ရေ ကိုယ့်မြေ ပေါ်မှာ ရင်ကော့ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီအရေးတော်ပုံ လှုပ်ရှားမှု ကြီးမှာ အစိုးရ ပစ်ခတ် နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ သူ၊ ထောင် နဲ့ ချီပြီး ရှိ မယ်လို့ လည်း ခန့် မှန်း ကြ ပါတယ်။ ၂၅ နှစ် ကြာတဲ့ အထိ ဘယ်လောက် သေကျေခဲ့ ရတယ် ဆိုတာ မသိခဲ့ရ ပေမယ့်၊ အစိုးရ ဘက်ကတော့ ရာဂဏန်းလောက် ထုတ် ပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီထက် ပိုမယ်လို့ အားလုံး က ခန့်မှန်းကြ ပါတယ်။

Image caption နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝပုံရိပ်တွေကို လည်း အခုလို ပုံဖေါ် သရုပ်ပြသခဲ့

ဒီ လိုသေ ဆုံးခဲ့ ရတဲ့ သူတွေ စာရင်းကို ပြန်ကောက် မယ်လို့ ၁၉၈၈ အရေးတော် ပုံမှာ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တစ် ဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်က အခမ်း အနားမှာ ပြောပါ တယ်။ ဒီပွဲကို စီစဉ် သူတွေ ဘက်ကတော့ မြန်မာ နိုင်ငံဟာ အာဏာရှင် ခေတ်ကို ဘယ်လိုမှ နောက်ကြောင်း ပြန်လှည်လို့ မရတဲ့ အခြေ အနေ အရွေ့ကို ရောက်နေပြီလို့လည်း ပြောပါတယ်။ ငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံပြီး လုပ်တဲ့ ဒီပွဲမှာ ၈၈ အင်အား စုတွေ ထဲက ပြည်ပရောက် နေတဲ့ ကိုမိုးသီးဇွန် အပါဝင် ရန်ကုန် ရောက် နေတဲ့ ABSDF မှ ကိုသံခဲ၊ မခင်ဥမ္မာ၊ လူအခွင့် အရေး လှုပ်ရှားသူ ကိုအောင်မျိုးမင်း စတဲ့ ပြည်ပရောက် အင်အားစုတွေ ဟာ ထောင်နဲ့ချီ ပြီး ရှိမယ်လို့ ပွဲ စီစဉ် သူတွေ ဘက်က ခန့်မှန်း ကြပါတယ်။

Image caption ငွေရတု အခမ်းအနားက ပြပွဲကို တက်ရောက် လာကြတဲ့ ဧည့်သည်တော်များ

တိုင်း ပြည်ရဲ့ လက် တွေ့ တည်ဆောက်ရေး ပြဿနာတွေ ကိုဆွေးနွေး အဖြေ ရှာပြီး ဘုံ သဘော တူညီချက်တွေ ရခဲ့ ရင်တော့ ဒီမိုကရေစီ အင်အားစု တွေရဲ့ မှတ်တိုင် သစ် တခုလို့ ပြော ရမှာဖြစ်ပါတယ်။

နေ့လည်ပိုင်း မှာတော့ ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည် တည်ဆောက်ရေး ဆိုတဲ့ ခေါင်းစဉ် ၄ ခုနဲ့ ဆွေးနွေး ပွဲတွေ ပြုလုပ်ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ