ဇီးတောမှာ ဖမ်းခေါ်သွားသူတွေကို စစ်မေးပြီး ပြန်လွှတ်

Letpadaung Villegers
Image caption လက်ပံတောင်း ဒေသခံများ

အင်္ဂါနေ့ မနက် ၂ နာရီ ဝန်းကျင်က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ ထဲမှာ ပါတဲ့ ဇီးတောရွာက စမ်းမြဝတီ ဘုန်းကြီးကျောင်းကို လုံခြုံရေး ရဲတွေ ဝင်ရောက် ရှာဖွေပြီး ဖမ်းဆီးသွားခဲ့သူ တွေကို နေ့လယ် ပိုင်းမှာပဲ ပြန်လွှတ် ပေးလိုက်ပါတယ်။

လူ သုံးယောက်ကို ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီးပြီလို့ စစ်ကိုင်းတိုင်း ဒေသကြီး သတင်း တပ်ဖွဲ့က ပြောပါတယ်။

ဇီးတော ရွာသား နှစ်ယောက် ဖြစ်တဲ့ ကိုတူးနဲ့ ကိုတင်လင်း တို့ကို မုံရွာ ရဲစခန်း အထိ ခေါ်သွားပြီး စစ်ဆေး မေးမြန်းခဲ့ပြီးတဲ့နောက် ဇီးတောရွာကို ပြန်ပို့ ပေးခဲ့ပါတယ်။ စစ်ဆေး မေးမြန်းရာမှာ ရိုက်နှက် စစ်ဆေးတာ မှရိဘူးလို့ ပြန်လွတ် လာတဲ့ ကိုတူးက ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေးတွေ လာရောက် ရှာဖွေ ခဲ့တဲ့ ဇီးတော ရွာက စမ်းမြဝတီ ကျောင်းတိုက် ဆရာတော် ဦးအာလောက ကတော့ သူကျိန်း နေတဲ့ အခန်းကို မှန်ရိုက်ခွဲပြီး အထဲ ဖွင့် ဝင်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

လက်ပံတောင်း တောင် အရေးနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ခံ ထားရသူ တွေ အဲဒီမှာ ရှိတယ် ဆိုတဲ့ သတင်း အရ စစ်ကိုင်းတိုင်း ဒေသကြီး သတင်း တပ်ဖွဲ့က ဦးစီး ပြီး ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၂၆ ယောက် ပါဝင်တယ်လို့ မုံရွာ ခရိုင် ရဲမှူး ကပြောပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး သတင်း တပ်ဖွဲ့ ဒုတိယ တပ်ခွဲမှူး ရဲမှူး ဦးစိုးအောင်က တော့ ဇီးတော ရွာက ဘုန်းကြီးကျောင်းကို လုံခြုံရေးတွေ လာတယ် ဆိုတဲ့ သတင်းကြောင့် ဒေသခံ ရွာသားတွေက တုန်တွေ ဓါးတွေ ကိုင်ဆောင်ပြီး ဘုန်းကြီးကျောင်းကို လိုက်လာ ခဲ့ကြ တယ်၊ ဒါပေမဲ့ ရွာသားတွေနဲ့ ထိပ်တိုက် မတွေ့ချင်တဲ့ အတွက် သူတို့ ပြန်ဆုတ် လာခဲ့ပြီး ရုန်းရင်း ဆန်ခတ်တော့ မဖြစ် ခဲ့ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ