၈လေးလုံး ငွေရတု အာဃာတမထားဖို့ ဒေါ်စုပြော

88 anniversary ASSK talks

မြန်မာနိုင်ငံသမိုင်းမှာ နိုင်ငံရေး အလှည့်အပြောင်းကြီး တရပ် ဖြစ်စေခဲ့တဲ့ လူထုတရပ်လုံးပါဝင်တဲ့ ၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်စင်တာ မှာ ကျင်းပခဲ့ရာမှာ ကိုမင်းကိုနိုင် ဦးကိုကိုကြီး အစရှိတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ပရောက် ၈၈ ကျောင်းသားတွေနဲ့ လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊စာရေးဆရာတွေ၊ နိုင်ငံ တကာက သတင်းဌာန အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ သံရုံးတွေက သံတမန်တွေ နဲ့ အတူ လူထု လူတန်းစားအလွှာ ပေါင်းစုံက ထောင်နဲ့ချီတဲ့ လူထုကြီးလည်း တက်ရောက်ခဲ့ကြပါတယ်။

ဩဂုတ် ၆ရက် နေ့ကစပြီး ၃ ရက်ကြာ ကျင်းပနေတဲ့ အခမ်းအနား နောက်ဆုံးနေ့လည်း ဖြစ်တဲ့ ဒီကနေ့မှာဟာတက်ရောက်လာကြတဲ့ လူတွေများလွန်းတာကြောင့် အခမ်းအနား မစခင် နေ့ လည် ၁၁ နာရီ လောက်ကတည်းက ခန်းမမဆန့်တော့အတွက် အပြင်မှာရပ်ပြီး နေခဲ့ကြရပါတယ်။

တချို့ကတော့ အထဲမရောက်နိုင်လို့ ခမ်းမရှေ့က တိုက်ရိုက်လွှင့်တဲ့ ရုပ်မြင်သံကြားကို ကြည့် ပြီး နားထောင်ခဲ့ကြပါတယ်။

ဒီနေ့အခမ်းအနားကို အစိုးရဘက် တက်လာတာ မတွေ့ရပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ က ဦးသိန်းဇော် ဦးဌေးဦး တို့ကိုတွေ့ရပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစု ကြည်က ဂုဏ်ပြု မိန့် ခွန်းပြောကြားခဲ့ရာမှာ သမိုင်းကို အမြင်မှန်မှန်နဲ့ ကြည့်မှသာ အတိတ်က သင်္ခန်းစာကို ယူနိုင်မယ်၊ သမိုင်းအမြင်မမှန်ရင် အတိတ်သင်္ခန်းစာတွေကို တလွဲယူပြီး အနာတ်မှာ ပြသနာဖြစ်စေမယ့် ခြေလှမ်းတွေ လှမ်းမိမှာကို သတိထားရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဘာဘဲ လုပ်လုပ် အာဃာတမထားဘဲ အားလုံးအပေါ် မေတ္တာထားပြီး နိုင်ငံ ခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ပျောက်ကင်းရေးကို ဦးတည်ရမယ်လို့ ဆိုပါတယ်။

၈၈ ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောကြားရာမှာ ဒီမိုကရေစီကို မယုံကြည်လို့ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပဲ ဖြစ်ဖြစ်၊မလိုက်နာ မကျင့်သုံးနိုင်ခဲ့တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာလည်း ၊ဒီကနေ့ ဒီမိုကရေစီကို အတူ ချီတက်ဖို့ ကြွေးကြော် ပြင်ဆင်နေတာ တွေ့နေရတယ်၊ တနိုင်ငံတည်းသားချင်း တမိတည်းသားချင်း သံသယတွေနဲ့ မပူလောင်ချင်ပါဘူး၊ အတူ လက်တွဲလို့ရအောင် အဲဒီ အဖွဲ့အစည်းတွေရဲ့ အတွေး အကြံ အကျင့်တွေအားလုံးဟာ ဒီမိုကရေစီ ဘက်တော်သား စစ်စစ် ဖြစ်တယ်ဆိုတာကို ဒီထက် ပိုပြီး ပြဖို့ လိုအပ်နေပါပြီလို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ ငွေ ရတုအခမ်း အနား ကို ပြည်သူလွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်း သား ပါတီ အဖွဲ့အစည်းပေါင်း ၅၀ကျော်က သဝဏ်လွှာတွေ ပို့ ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်နဲ့ ၃ရက် တာကျင်းပခဲ့တဲ ဒီ၈လေးလုံး ငွေရတု အခမ်းအနားကို လူငယ်တွေ စိတ်ဝင်တစားနဲ့ တက်ရောက်လာခဲ့ ကြတာကိုလည်း တွေ့ ရပါ တယ်။

၈လေးလုံး ၂၅ နှစ်မြောက် ရန်ကုန်မှာ စီတန်းလမ်းလျှောက်

သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဒီမိုက ရေစီ လှုပ် ရှား သူ တွေ ဟာ လွှန် ခဲတဲ ၂၅ နှစ်က တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့လူ ထု လှုပ် ရှား မှူအရေး တော် ပုံကြီးစတင် တဲ အဓိက နေရာ တစ် ခု ဖြစ် တဲ့ မြို့ တော် ခန်း မ အနီးကို ချီတက် ပြီး ၈၈ လှုပ်ရှားမှုအတွင်း အသက်ဆုံးရှုံး ခဲ့ကြသူတွေကို ရည်စူးပြီး ပန်း ခွေ ချခဲ့ ကြ ပါ တယ်။

ရာနဲ့ချီတဲ့ ချီတက်လမ်းလျှောက်သူတွေဟာ မနက် ၈နာရီလောက် ဟံ သာ ဝတီ အဝိုင်း ကနေ စတင်ပြီး မြို့တော်ခန်းမကို မနက် ၁၀နာရီ လောက်မှာ ရောက်လာခဲ့ကြပါတယ်။

အခုလို ပန်းခွေ ချ အလေးပြု တာဟာ ကြိုတင်ခွင့် ပြု ချက် ရ ပြီး လုပ် တာ ဖြစ် ပေမယ့် စီတန်းလမ်းလျှောက်တာကို ခွင့် ပြု ချက် မယူထား တဲ အတွက် ရဲက ဆူးလေဘုရားအနီး မှာတား မြစ်ခဲ့ပါတယ်။

ဒါပေမယ့် မနက် ၁၀နာရီ လောက် မှာတော့ ရန်ကုန် မြို့ တော် ခန်းမအနီးကို လမ်းလျှောတ်ပြီး ပန်းခွေ ချ ဂုဏ်ပြု တဲ အစီအစဉ် တွေ အောင်အောင်မြင် မြင်နဲ့ ပြီးဆုံး ပြီး လူစုကွဲ သွား ခဲ့ ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ