စစ်ကိုင်းအရေးအခင်း နှစ်ပတ်လည်ကျင်းပ

၈၈ဆန္ဒပြပွဲ  အထိမ်းအမှတ် အခမ်းအနားများ
Image caption ၈၈ဆန္ဒပြပွဲ အထိမ်းအမှတ် အခမ်းအနားများ

၈၈ဆန္ဒပြပွဲတွေဖြစ်ပြီး နောက်တရက် သြဂုတ်လ ၉ရက်နေ့မှာ စစ်ကိုင်းမြို့ ဆန္ဒပြပွဲ လူအုပ်အတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးသူတွေအတွက် အမှတ်တရနဲ့ ကုသိုလ်ပြုပွဲကို စစ်ကိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ကျဆုံးသူတွေအတွက် ဆွမ်းသွတ် အမျှဝေပွဲကို အဲဒီ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေ ကိုယ်တိုင် ဦးစီးပြီး အာရုံဆွမ်း လောင်းလှူသလို ဆရာတော်တွေကိုလည်း နန်းတော်ရာရပ် သုဓမ္မာ ဓမ္မာရုံကို ပင့်ဖိတ်ပြီး ဆွမ်းကပ်ကာ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ အစီအစဉ်အရ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာတွေကို ဖတ်ကြားခဲ့သလို သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကလည်း အမှတ်တရစကားပြောကြပါတယ်။

အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီ ဝင်တယောက်ဖြစ်တဲ့ ဦးကျော်သောင်းက အဲဒီနေ့က အကြောင်း ပြန်ပြောရာမှာ အမှတ်၁ ရဲစခန်းမှာ အဖမ်းခံထားရသူ ဆန္ဒပြခေါင်းဆောင် နောင်ရိုး ဦးတင်ဝင်းကို လွှတ်ပေးဖို့ တောင်းဆိုစဉ် ပစ်ခတ်လို့ လူ၄၀ကျော် သေတယ်လို့ဆိုပါတယ်။ စာရင်းအတိအကျ မရှိလို့ ဒိထက်မကလည်း သေနိုင်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

လူအုပ်ကြီးက ရဲစခန်းကို ဝင်စီးနင်းလို့ ပစ်ခတ် နှိမ်နင်းရတယ်လို့ အချို့သတင်းတွေမှာ ပြောသလို မဟုတ်ဘူးလို့လည်း သူ့ရဲ့ကိုယ်တွေ့ကို အခြေခံပြီး ဘီဘီစီကို ပြောပြသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ