ကျောင်းသားတပ် ပြည်ထောင်စုအဆင့် လက်မှတ်ထိုး

ABSDF Than Khe
Image caption ကိုသံခဲ နှင့် ဦးအောင်မင်း

မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF အဖွဲ့တို့ စနေနေ့က ရန်ကုန်မြို့မှာ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်ဆဲ ရေး အတွက် သဘောတူညီမှု လက်မှတ်ရေး ထိုး နိုင်ခဲ့ကြပါတယ်။

ဘယ်လို အချက်တွေ မှာ သဘောတူညီမှုတွေ ရယူ နိုင်ခဲ့ကြတာလဲ ဆိုတာကို မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဥက္ကဌ ကိုသံခဲကို ဆက်သွယ် မေးကြည့်တော့ အခု ဆွေးနွေးခဲ့ကြတာ တွေကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက် ဆွေးနွေးပွဲတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပြီး တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေနဲ့ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ချက်ချင်း သဘောတူနိုင်တဲ့ အချက်တွေကို သဘောတူ ခဲ့တာ လို့ ပြောပါတယ်။

နိုင်ငံရေး ဆိုင်ရာ ဆက်လက် ဆွေးနွေး ရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ချက်ချင်း သဘောတူ ခဲ့ရာမှာတော့ နိုင်ငံရေး သဘောထားတွေကို ပြည်သူလူထု၊ နိုင်ငံရေး အဖွဲ့အစည်း တွေအကြားနဲ့ လုပ်ဖော်ကိုင်ဖက် တွေအကြား လွတ်လွတ်လပ်လပ် ဆွေးနွေးပိုင်ခွင့် တွေလည်း သဘောတူ ခဲ့ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး အကျည်းထောင် တွေထဲက မကဒတ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး လက်တွဲ ဆောင်ရွက်သွားဖို့ နဲ့ တခြား နိုင်ငံရေး ဆိုင်ရာ ဆုံးဖြတ်ချက် ၁၂ ချက်ကိုလည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ပင်လုံကို အခြေခံတဲ့ အမျိုးသား တန်းတူရေးနဲ့ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံတဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်လာရေး တွေကို ဆက်လက်ဆွေးနွေး ဖို့လည်း မူအားဖြင့် သဘောတူ ခဲ့ကြောင်း၊ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်ဖို့ အတွက် အခြေခံအားဖြင့် သဘောတူခဲ့ပြီး ဘယ်နေရာတွေမှာ ဖွင့်လှစ်မလဲ ဆိုတာကို ဆက်ပြီး ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့ တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက် ရရှိတဲ့ အထိ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပြီးမှ လက်နက်စွန့်ရေး ကို လုပ်လို့ ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ နိုင်ငံရေး ပါတီ ထောင်ဖို့ရော လူမှု အဖွဲ့အစည်း ထောင်ဖို့ရော ရွယ်ရွယ်ချက် မရှိသေးကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ အနေနဲ့ အပစ်အခတ် ရပ်စဲရေး က ငြိမ်းချမ်းရေး မဟုတ်သေးကြောင်းနဲ့ဒီမိုကရေစီ ရရှိရေးနဲ့ တိုင်းရင်းသား တန်းတူပြဌာန်း နိုင်ရေး လိုအပ်ချက်တွေကို ချပြနိုင်တဲ့ အဆင့်ပဲ ရှိသေးပြီး ဆွေးနွေး အဖြေရှာတဲ့ အဆင့်တောင် မရောက်သေးဘူးလို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ