ရဲပစ်ခတ်မှုကြောင့် တဦးသေကြောင်း အစိုးရ အတည်ပြု

Image caption ရဲက ဝိုင်းထားတဲ့အတွက် စခန်းအပြင်ဘက် သွားလာလို့ မရ ဖြစ်နေတယ်လို့ မွတ်ဆလင် ဒုက္ခသည်တွေက ပြော

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး က မွတ်ဆလင် ဒုက္ခသည် စခန်းတွေမှာ သောကြာနေ့က ရဲနဲ့ မွတ်ဆလင်တွေ အကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ရဲရဲ့ ပစ်ခတ်ခဲ့မှုနဲ့ ဒဏ်ရာ ရခဲ့သူတွေထဲက တဦး သေဆုံးသွားတယ်လို့ ရခိုင် ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။

တကယ့် ဖြစ်စဉ်တခုလုံးမှာ ၇ဦး ဒဏ်ရာ ရပြီး အဲဒီထဲက တဦး သေဆုံး သွားခဲ့တာ ဖြစ်ကြောင်း၊ သေဆုံးသူအတွက် ကျပ်ငွေ တသိန်း၊ ဒဏ်ရာ ရသူအတွက် ကျပ်ငွေ ငါးသောင်းကို ကရုဏာကြေးအဖြစ် လုံခြုံရေး ဝန်ကြီးက ပေးအပ်ခဲ့ကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

အဲဒီ ဒုက္ခသည်စခန်းတွေက မွတ်ဆလင်တွေကတော့ သေဆုံးသူ စုစုပေါင်း ၅ဦး ရှိသွားပြီ ဖြစ်ပြီး အမည်နာမ အထောက်အထား တွေနဲ့ သက်သေပြနိုင်တယ်လို့ ပြောနေပါတယ်။

ချောင်းဝမှာ သေဆုံးနေတဲ့ မွတ်ဆလင်အမျိုးသမီး အလောင်းကို မွတ်ဆလင် ထုံးတမ်းနဲ့အညီ နေ့ချင်း သင်္ဂြိုဟ်ဖို့ ဒေသခံတွေ သွားတောင်းရာမှာ ရဲကလည်း မှုခင်းမှုရာ စစ်ဆေးဖို့ ရှိတာကြောင့် ခွင့်မပြုရာက ပဋိပက္ခစတင်ခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က ထုတ်တဲ့ အစိုးရ သတင်းမီဒီယာတွေထဲမှာတော့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေပဲ ရှိပြီး ဒဏ်ရာ စိုးရိမ်စရာ မရှိဘူးလို့ ဖေါ်ပြထားပါတယ်။

မွတ်ဆလင် ဒေသခံ ငါးရာလောက် စုရုံးလာတဲ့အတွက် လူစုခွဲဖို့ ရဲက ပထမ ခြောက်လှန့် ပစ်ခတ်ခဲ့ပေမယ့် ထိန်းမနိုင် သိမ်းမရ ဖြစ်လာတဲ့ အခြေအနေကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာလို့ ဦးဝင်းမြိုင်က ပြောပါတယ်။