ကေအင်န်အယ်အေနဲ့ ဘီဂျီအက်ဖ် တိုက်ပွဲဖြစ်

Image caption သောင်းရင်း မြစ်နံဘေးက ကေအန်ယူ ဒေသများ

ဗိုလ်ချုပ်ထိန်မောင်ရဲ့ ကေအင်ယူ၊ ကေအင်န်အယ်အေ ငြိမ်းချမ်းရေး ကောင်စီတပ်နဲ့ ဗိုလ်မုတ်သုန်ရဲ့ ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့် တပ်တွေ မနေ့ညတုံးက မြ၀တီမြို့ တောင်ဖက်က သူတို့ အခြေစိုက်တဲ့ နေရာမှာ တိုက်ပွဲဖြစ်လို့ အသေအပျောက် တွေလည်း ရှိခဲ့ပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ထားတဲ့၊ ကေအင်ယူ၊ ကေအင်န်အယ်အေ ငြိမ်းချမ်းရေး ကောင်စီနဲ့ အစိုးရ လက်အောက်ခံ ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့်တပ်တွေဟာ မြ၀တီမြို့ တောင်ဖက် ဟွေ့မုတ်နဲ့မယ် ထော်သလေး ရွာကြားက မြေလွတ်၊ မြေရိုင်းတွေကို ခွဲဝေယူ၊ စခန်းချ ထားတဲ့နေရာမှာ မြန်မာစံတော်ချိန်ည ၈ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။

တိုက်ပွဲ အခြေအနေကို ထိုင်းနယ်စပ် လုံခြုံရေး အရာရှိ တယောက်က ပြောကြားရာမှာ ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့် တပ်ဖက်က ဗိုလ်မုတ်သုန် နောက်လိုက်တွေနဲ့ ကေအင်ယူ၊ ကေအင်န်အယ်အေ ဗိုလ်ချုပ်ထိန်မောင် နောက်လိုက် ဗိုလ်တိုက်ဂါးတို့ တိုက်ပွဲဖြစ်ကြတာပါ ၊ ဗိုလ်တိုက်ဂါး ဖက်က နှစ်ယောက်ကျသွားတယ် ၊ ပြီးတော့ သူ့ရဲ့ချက်ပွိုင့်နှစ်ကိုလည်း၊ ဘီဂျီအက်ဖ်တွေက သိမ်းယူလိုက်တယ်လို့ ဆိုပါတယ်။

အသေအပျောက် စာရင်းကိုတော့ သီးခြား အတည်ပြုလို့ မရသေးဘဲ တိုက်ပွဲဟာ ည ၉ နာရီခွဲလောက်မှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

ကေအင်ယူ၊ ကေအင်န်အယ်အေ အဖွဲ့နဲ့ ကော ဘီဂျီအက်ဖ် အဖွဲ့နဲ့ပါ နီးစပ်စပ်ရှိတဲ့ သူတွေကတော့၊ အဲဒီနှစ်ဖွဲ့စလုံးဟာ မြေယာ အဝေမတဲ့လို့ ပြီးခဲ့တဲ့ ၁၃ ရက်နေ့ ကတည်းက နှစ်ဖက်ကြားမှာ တင်းမှာမှု ဖြစ်နေပြီးတော့၊ မနေ့က ၁၄ ရက်နေ့ညမှာတော့၊ နှစ်ဖက်ကြားမှာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲအထိ ဖြစ်သွားတာလို့ ဆိုပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်အဖြစ် တည်ရှိနေတဲ့၊ သောင်ရင်းမြစ်တလျှောက်က စီးပွားရေးအကွက် အကွင်းကျတဲ့ နေရာတွေကို၊ အစိုးရနဲ့ အရင် အဆင်ပြေသွားတဲ့၊ ဒီကေဘီအေနဲ့ ဘီဂျီအက်တွေက ရလိုက်တာ ဖြစ်ပါတယ်။

ပြီးတော့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ကေအင်ယူ၊ ကေအင်န်အယ်အေ ငြိမ်းချမ်းရေးကောင်စီနဲ့ အခု နောက်ဆုံးအစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့၊ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကေအင်ယူ အဖွဲ့ကလည်း၊ နေရာတချို့ကို ရလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကရင် ငြိမ်းချမ်းရေးအဖွဲ့ ၇ ဖွဲ့ဟာ၊ ထော့ကိုကိုးက ဗိုလ်ချုပ်ထိန်မောင် စခန်းမှာ တွေ့ဆုံကြပြီးတော့၊ ကရင် အဖွဲ့ အချင်းချင်း မပစ်ခတ်ကြဖို့နဲ့ သူတို့လိုချင်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူ အခွင့်အရေး စတာတွေ ရဖို့အတွက် ပူးပေါင်း ဆောက်ရွက်ဖို့ သဘောတူခဲ့ကြပေမဲ့လည်း ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့၊ အချိန်မျိုးမှာတော့၊ နှစ်ဖက်ကြား တိုက်ပွဲဖြစ်လာကြတာ ဖြစ်ပါတယ်။