မြန်မာလုပ်သား ၃၀၀၀ နေရပ်ပြန်ဖို့ လွယ်ပြီ

malaysia return
Image caption မလေးက ပြန်ရောက်လာသူတစ်ဦး

မြန်မာနိုင်ငံကို ပြန်မယ့် မလေးရှားရောက် မြန်မာအလုပ်သမား ၃ဝဝဝ နီးပါးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးက ဒဏ်ကြေးငွေ လျှော့ပေးလိုက်ပြီဖြစ်လို့ အလုပ်သမားတွေ နေရပ်ပြန်ရေး အဆင်ချောတော့မယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တဝိုက်မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက မြန်မာအလုပ်သမားတချို့ အကြမ်းဖက်ခံရပြီး သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ရတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီပြီး မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်လာပါတယ်။

အဲဒီအထဲမှာ နိုင်ငံကူး လက်မှတ်မရှိတဲ့ သူတွေ ဒါမှမဟုတ် ဗီဇာသက်တမ်း ကုန်နေသူတွေဟာ မလေးရှား လဝကမှာ ဒဏ်ကြေးငွေ ပေးဆောင်ပြီးမှသာ မြန်မာနိုင်ငံကို ပြန်ခွင့်ရပါတယ်။ တစ်လလောက် ခိုးနေသူဆိုရင် မလေးရှားငွေ ရင်းဂစ် ၄ဝဝ ပေးရတယ်။ နှစ်ချီကြာနေတယ်ဆိုရင် ရင်းဂစ် ၂ဝဝဝ ကျော်ကနေ ၃ဝဝဝ အထိပေးရပါတယ်။

အဲဒီလောက်များတဲ့ ဒဏ်ကြေးကို အလုပ်သမားတွေကလည်း မတတ်နိုင်သလို အကူအညီပေးမယ့် အဖွဲ့တွေကလည်း မပေးနိုင်ဖြစ်ခဲ့လို့ အလုပ်သမားတွေပြန်ဖို့ အခက်တွေ့ခဲ့ရပါတယ်။

အခုတော့ မြန်မာသံရုံးနဲ့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက မလေးရှားအစိုးရကို အသနားခံစာ တင်ခဲ့တာကြောင့် တစ်ဦးကို ဒဏ်ငွေ ရင်းဂစ် ၄ဝဝ နဲ့သာ လုပ်ဆောင်ပေးဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နှုတ်ကတိကို ရရှိထားပြီဖြစ်ကြောင်း မြန်မာသံရုံးနဲ့ပူးပေါင်းပြီး အလုပ်သမားအရေးအကူအညီပေးနေသူ ကိုသီဟမောင်မောင်က ရှင်းပြပါတယ်။

အခုဆိုရင် စာရင်းပေးသွင်းထားတဲ့ မြန်မာအလုပ်သမားပေါင်း ၂၈ဝဝ ကျော်သွား ပြီလို့ သိရပါတယ်။ စာရင်းပေးထားတဲ့ သူတွေကလွဲပြီး ကျန်သူများအတွက်တော့ မလေးရှား လဝက ဥပဒေအတိုင်းပဲ ဖြစ်သွားနိုင်တယ်လို့ ကိုသီဟမောင်မောင်က ပြောပါတယ်။