မီဒီယာ ဥပဒေကြမ်း သဘောကွဲဆဲဖြစ်

ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ တက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်
ဓာတ်ပုံ ပုံစာ,

ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ တက်တဲ့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီမှ အတွင်းရေးမှူးနဲ့ အဖွဲ့တိုဟာ နေပြည်တော်မှာ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်း လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အင်္ဂါနေ့က တွေ့ဆုံပြီး သူတို့ရေးဆွဲနေတဲ့ မီဒီယာ ဥပဒေ မူကြမ်းနဲ့ ပြည်သူ့လွှတ်တော်မှာ ရောက်နေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့ရဲ့ ပုံနှိပ်ဥပဒေ မူကြမ်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

စာနယ်ဇင်း ကောင်စီက တင်သွင်းမယ့်ဥပဒေကို NLD ပါတီမှ လွှတ်တော်အမတ် နှစ်ယောက်က အဆိုပြုပေးမယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းမှာ ပါတဲ့အချက် ၁၇ချက်ကို ပြင်ပေးဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက တောင်းဆိုနေပြီး စာနယ်ဇင်း ကောင်စီကတော့ ပြင်ဆင်ဖို့လက်မခံခဲ့ပါဘူး။

ဒီလိုမပြင်နိုင်တဲ့ အချက်တွေနဲ့ ပါတ်သက်လို့ အဓိက အချက်တွေကတော့ မူပိုင်ခွင့်နဲ့ မော်ကွန်းဌာနဆိုတဲ့အပေါ် မှတ်ပုံတင်ဌာနလို့ အစိုးရက ပြင်ဆင်လိုတယ်လို့ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးကိုကိုစက်မှုက ဘီဘီစီကို ပြောပြပါတယ်။ တကယ်လို့ မှတ်ပုံတင်ဌာနလို့ ပြင်လိုက်ပါက အရင်နဲ့သိပ်မထူးဘဲ ဆင်ဆာပြန်ပေါ်လာနိုင်ပြီး တခုခုဖြစ်ရင် ထုတ်ဝေခွင့်တွေ ရုပ်သိမ်းမှာ စိုးရိမ်တယ်လို့ ဦးကိုကိုက ပြောပါတယ်။

နောက်တခါ ကောင်စီက အီလက်ထရောနစ် မီဒီယာလို့ သုံးတဲ့အခါ အစိုးရဘက်က အင်တာနက် မီဒီယာလို့ပြင်ဆင်လိုကြောင်းလည်းသိရပါတယ်။

နောက်ဆုံး ပြန်ကြားရေး ဝန်ကြီးနဲ့တွေ့ဆုံရာမှာ အစိုးရရဲ့ ကျန်လပေါင်း ၃၀အတွင်း လူမှုတာဝန်သိ မီဒီယာကို သွားဖို့အစိုးရက ရည်ရွယ်နေကြောင်း ဒီနေရာမှာ မီဒီယာ စည်းကမ်းတွေကို အစိုးရက ပြဌာန်းသွားနိုင်တယ်လို့ ဦးကိုကိုက ပြောပါတယ်။

အခု ပြန်ကြားရေးက ပြင်ခိုင်းတဲ့ အချက်တွေကို လွှတ်တော်ရောက်တဲ့အခါ ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်ကို နားခံသွားဖို့ ရှိကြောင်း လက်ရှိအခြေအနေမှာတော့ စာနယ်ဇင်းကောင်စီရဲ့ မီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကောင်စီကြား အခြေအနေ တိုးတက်မှု ဘာမှမရှိသေးဘူးလို့ ဦးကိုကိုစက်မှုက ဘီဘီစီကိုပြောသွားပါတယ်။