နှစ်မကုန်ခင် အပစ်ရပ်နိုင်ရေး မျှော်လင့်

မြန်မာနိုင်ငံမှာ အပစ်ရပ်နိုင်တော့မလား
စနေနေ့က ရန်ကုန်မြို့က ငြိမ်းချမ်းရေး စင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဝန်ကြီးတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ KNU ကရင် အဖွဲ့၊ RCSS ရှမ်းတောင်ပိုင်း အဖွဲ့၊ KNPP ကရင်နီအဖွဲ့နဲ့ နာဂ အဖွဲ့တွေ တွေ့ဆုံ ခဲ့ကြပါတယ်။
ဘာကြောင့် တွေ့ဆုံ ကြတာလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာရဲ့ အထူးအကြံပေး ဖြစ်တဲ့ ဦးလှမောင်ရွှေကို ဆက်သွယ် မေးကြည့်တော့ ကြိုတင် ချိန်းဆိုပြီး တရားဝင် တွေ့ဆုံ တာမျိုး မဟုတ်ဘဲ ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးစိုးသိန်းတို့ ရန်ကုန်ကို ရောက်တုန်းမှာ ကိုယ်ပိုင် အလုပ် ကိစ္စ အတွက် ရန်ကုန်ကို ရောက်လာကြတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး စင်တာမှာ လာရောက် တွေ့ဆုံ ကြတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသား အဖွဲ့တွေ ဘက်က လက်ရှိ ဆောင်ရွက် နေကြတဲ့ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး တွေနဲ့ ရှေ့ဆက်သွားမယ့် ကိစ္စတွေကို ဆွေးနွေး ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အခုလို မကြာခဏ တွေ့ဆုံဖို့ လိုကြောင်း၊ ဒီလို တွေဆုံခြင်းကြောင့် မရှင်းလင်းတဲ့ ကိစ္စတွေ၊ နားလည်မှု လွဲမယ့် ကိစ္စတွေ ပြေပျောက်အောင် ဖြေရှင်းနိုင်မယ့် အပြင် ယုံကြည်မှုတွေလည်း ပိုရှိ လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်လုပ်မယ့် အစည်းအဝေး တွေအတွက်လည်း ကြိုတင် ပြင်ဆင်နိုင်ပြီး ပြီးခဲ့တဲ့ ဆွေးနွေးပွဲ တွေက ဆုံးဖြတ်ချက် တွေကို အကောင်အထည် ဖော်တဲ့ နေရာမှာလည်း အခက်အခဲ့ တွေ ရှိလာရင် နှစ်ဦးနှစ်ဘက် ရှင်းနိုင်မယ်လို့ ဆိုပြီး၊ ဒီလို မကြာခဏ တွေ့ဆုံတာက မတွေ့ဆုံ ဖြစ်တာထက် စာရင် ပိုကောင်းတယ်လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ UNFC အဖွဲ့နဲ့ ဒီလကုန်ပိုင်း လောက်မှာ တွေ့ဖို့ရှိပြီး ကျန်တဲ့ ပြည်ထောင်စု အဆင့် တွေက သိပ်မကြာခင်မှာ တဆင့်ပြီး တဆင့် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ အေအိုင်အို အဖွဲ့ဘက်ကလည်း လုပ်ငန်း အဖွဲ့ ဖွဲ့စည်း နေတာ ပြီးသွားရင် တွေ့ဆုံ သွား နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရဘက်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ တပြည်လုံး အပစ်ရပ်နိုင်အောင် ကြိုးပမ်းမယ် ဆိုပေမယ့် ခုထက်ထိ မဖြစ်သေးတာနဲ့ ပတ်သက်လို့တော့ အခက်အခဲ ကြီးကြီးမားမား မရှိကြောင်း၊ ဒီဟာကို အဓိပ္ပါယ် ဖော်တဲ့ အပိုင်းနဲ့ ဖြည့်စွက်ချင်တဲ့ အချက်အလက် တွေနဲ့ ပတ်သက်လို့ ညှိနှိုင်း ဖို့နဲ့ အချိန်အနည်းငယ် ရွေ့သွား ခဲ့တာလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ တနိုင်ငံလုံး ဘယ်တော့ အပစ်ရပ်မလဲ အချိန် အတိအကျနဲ့ မပြောနိုင်ပေမယ့် မကြာခင် လအနည်းငယ် အတွင်း ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြား သွားပါတယ်။