မီဒီယာ ဥပဒေကြမ်း နဲ့ လွှတ်တော်အဆုံးအဖြတ်

_newspapers
Image caption သတင်းမီဒီယာ ဥပဒေကြမ်း

မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ အကြား အငြင်းပွား နေကြတဲ့ သတင်းမီဒီယာ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး နှစ်ဘက်ညှိနှိုင်း ခဲ့ရာမှာ သဘောတူညီမှု အတော်များများ ရခဲ့ကြောင်း အစိုးရ သတင်းစဉ် မှာ ဖေါ်ပြခဲ့ပါတယ်။ ကွဲလွဲဆဲ အချက် ၃ ခု ကိုတော့ လွှတ်တော် ရဲ့ အဆုံးအဖြတ် ရယူရမှာပါ။

ပြေလည်မှု ရသွားတဲ့ အချက် ၁၄ ချက် က ဘယ်အချက် ဆိုတာရယ်၊ သဘောထား ကွဲလွဲတဲ့ အချက် ကိုပါ နှစ်ဘက်စလုံး ထုတ်ဖေါ် ပြောခြင်း မရှိပါဘူး။ ဒါပေမယ့် ဘီဘီစီ က စုံစမ်း သိရှိချက် အရ ပုံနှိပ်ထုတ်ဝေသူတွေ မှတ်ပုံတင်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွား ဆိုတဲ့ စကားရပ် အပေါ် အဓိပ္ပါယ် ဖွင့်ဆိုပုံ ကွဲလွဲချက်၊ သတင်းမီဒီယာ ဥပဒေဟာ သတင်းမီဒီယာ လုပ်ငန်းကြီး တခုလုံး နဲ့ မဆိုင်ဘဲ၊ သတင်းမီဒီယာ သမားတွေ နဲ့ဘဲ သက်ဆိုင် တဲ့ ဥပဒေ အဖြစ် အစိုးရ ဘက် က စကားလုံး ပြင်စေချင်တာ ဖြစ်ကြောင်း ဒီလုပ်ငန်းစဉ် ကို ထဲထဲဝင်ဝင် သိသူက ပြောပါတယ်။

စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုကျော်မင်းဆွေ ကတော့ သတင်းမီဒီယာ ဥပဒေ ကို လွှတ်တော် မှာ အတည်ပြုဖို့ ဆွေးနွေးကြတဲ့ အခါမှာ သူတို့ဘက် က အသာ ရလိမ့်မယ် လို့ မျှော်လင့်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ အမျိုးသား လွှတ်တော် ကလည်း စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ က မလိုလားတဲ့ ဥပဒေ ကို ဖြုတ်ပစ် လို့ သူတို့ဘက်က တင်တဲ့ ဥပဒေ ဟာ သူတို့ဘက်မှာ ရှိကြောင်း ကိုကျော်မင်းဆွေ က ရှင်းပြပါတယ်။

ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ လွှတ်တော် ဘက် က မေးလာရင် သူတို့ရဲ့ အမြင် ကို ပြောပြပြီး လွှတ်တော် ရဲ့ အဆုံးအဖြတ်သာ အရေးကြီး ကြောင်း ပြောပါတယ်။ အစိုးရ အနေနဲ့ စည်းကမ်းမဲ့ ရေးသားချက်တွေ၊ ကို ထိန်းချုပ်နိုင် ဖို့ ဥပဒေ မှာ ထည့်သွင်း ပြဌာန်းဖို့ လိုတယ် ဆိုတဲ့ အမြင်မျိုး ရှိနေတာ လည်း တွေ့ရပါတယ်။