သူ့ကို လုံခြုံရေး မပေးဘူးလို့ ကင်တားနားပြော

Image caption မွတ်ဆလင်တွေဘက်က ဘက်လိုက်မှု ရှိတယ် ဆိုပြီး မစ္စတာ ကင်တားနားကို ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိခဲ့

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တားနားက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူ့လုံခြုံရေးအတွက် မြန်မာ အစိုးရက အကာအကွယ် ပေးတာမျိုး မရှိဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမသွားခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာကင်တားနားက အခုလို ပြောသွားတာပါ။

မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ကို သွားရောက်စဉ်မှာ မစ္စတာ ကင်တားနား စီးလာတဲ့ မော်တော်ယာဉ်ကို လူနှစ်ရာလောက် ဝိုင်းထားပြီး မော်တော်ကားကို ထုနှက် အော်ဟစ် ဆဲဆိုတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ မတ်လတုန်းက မြို့ခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်အကြား အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ၄၀လောက် သေဆုံးခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ၁၁ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေကို သွားရောက်ခဲ့ပါတယ်။

မြန်မာ ပြည်သူ ဗုဒ္ဓဘာသာဝင် အတော်များများက မစ္စတာ ကင်တားနားရဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခံစားချက်တွေကို လျစ်ရှူရှုပြီး မွတ်ဆလင်တွေဘက်ကို တဘက်စောင်းနင်း အသာပေး ရေးသားခဲ့တယ် ဆိုပြီး စွပ်စွဲ ပြောဆိုနေကြပါတယ်။