သမ္မတကြောင့် လွှတ်တော် နစ်နာနိုင်

naypyidaw
ဓာတ်ပုံ ပုံစာ,

သမ္မတနဲ့ လွှတ်တော်ကြား ဆွေးနွေး ဖို့ လိုနေပြီ

လွှတ်တော်က အတည်ပြု လိုက်တဲ့ ဥပဒေ ၂ ခု အပေါ် သမ္မတ နဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ ထုတ်ပြန်ချက် တွေက လွှတ်တော်ကို အထင်မှား စရာ ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သုံးသပ်ချက် တင်လိုက် ပါတယ်။

သမ္မတနဲ့ လွှတ်တော်ကြား တင်းမာသလို ဖြစ်နေတာကို ဖြေရှင်းဖို့လည်း လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။

လုပ်ထုံး အရ ပြည်ထောင်စု လွှတ်တော်က အတည်ပြုတဲ့ ဥပဒေကြမ်းကို သမ္မတက ပြင်ချင်ရင် မှတ်ချက်ပေးတဲ့ သဝဏ်လွှာနဲ့ ပြည်ထောင်စု လွှတ်တော်ကို ပို့ရပါတယ်။

ဒါကို ပြည်ထောင်စုလွှတ်တော် က ပြင်သင့်ရင် ပြင်တယ်၊ မပြင်သင့်ဘူး သဘောရလို့ မပြင်ဘဲ သမ္မတကို ပြန်ပို့ရင် တော့ သမ္မတက လက်မှတ် ထိုးထိုး မထိုးထိုး ဒီ ဥပဒေကြမ်းက အတည်ဖြစ် သွားပါတယ်။

မကြာခင်က ပြည်ထောင်စု လွှတ်တော်က အတည်ပြုတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေ ကို ပြင်ဖို့ သမ္မတက သဝဏ်လွှာ ပို့ပြီး လွှတ်တော်မှာ မဆွေးနွေး ခင် သတင်းစာတွေ က ဖော်ပြ လိုက်တာဟာ လွှတ်တော်ကို စိုးမိုးတဲ့ သဘော ဖြစ်တယ်၊ အများ ပြည်သူ နားလည်မှု လွဲစရာ ဖြစ်တယ်လို့ လွှတ်တော် ဘက်က မြင်ပါတယ်။

ဒါကြောင့် သမ္မတနဲ့ လွှတ်တော် ကြားမှာ ဆွေးနွေး တိုင်ပင်ဖို့ လိုနေပြီလို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ် လိုက်ပါတယ်။

သမ္မတနဲ့ လွှတ်တော်ကြား အားပြိုင်မှုတွေ လျှော့နိုင်မလား၊ ဥပဒေတွေ မြန်မြန် ဆန်ဆန် ပြုလာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။