ဘားအံမှာ တလအတွင်း ဒုတိယအကြိမ် ရေကြီး

flood
Image caption ဒုက္ခသည် စခန်းတွေ သိမ်းပြီး ရက်ပိုင်း အတွင်း ရေဘေးကြုံရ

ကရင် ပြည်နယ် မြို့တော် ဘားအံမှာ တလ အတွင်း ဒုတိယအကြိမ် ရေကြီးလို့ ဒုက္ခသည် ငါးထောင် လောက်ရှိနေပြီး ကယ်ဆယ်ရေး စခန်း ၇ ခု ဖွင့်ထားရ ပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ ကစပြီး သံလွင်မြစ်ရေ မြင့်တက် လာတာကြောင့် ဘားအံ မြို့ မြေနိမ့်ပိုင်းက အိမ်တွေ ရာနဲ့ချီပြီး ရေမြုပ် ကုန်တာပါ။

လူအသေအပျောက် မရှိပေမယ့် သွားလာရေး အတော် ခက်ခဲ နေပြီး နေအိမ် ရေမြုပ်လို့ ဒုက္ခသည် စခန်းမှာ သွားခိုလှုံ ရသူတွေ ထောင်နဲ့ ချီ ရှိနေပြီး လောလောဆယ် အခြေ အနေ တည်ငြိမ် တယ်လို့ ဘားအံ မြို့ခံ တွေက ပြောပါတယ်။

လမ်းတွေ သုံးမရ တော့လို့ လှေနဲ့ သွားနေရ တာတွေ လည်း ရှိပါတယ်။ ဇူလိုင်တုန်းက ကရင်ပြည်နယ် နေရာ အတော်များများမှာ ရေကြီးခဲ့လို့ လူသောင်းနဲ့ချီ ဒုက္ခ ရောက်ခဲ့ရ ပါတယ်။

အခုလည်း ဒုက္ခသည် စခန်းတွေ သိမ်းပြီးလို့ ရက်ပိုင်း အကြာ ဘားအံမှာ နောက်တကြိမ် ရေဘေးနဲ့ ကြုံရတာပါ။

ဘားအံ အပြင် လှိုင်းဘွဲ့မြို့ မှာလည်း ရေလွှမ်းမိုးမှု တွေရှိတယ်လို့ ကယ်ဆယ်ရေး ဌာန ညွှန်ကြားရေးမှူး ဦးချွန်ဟရဲ ကဘီဘီစီကိုပြောပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ဇူလိုင်လ ရေကြီးတုန်းက သိုလှောင်ထားတဲ့ ပစ္စည်းတွေနဲ့ ကူညီ ထောက်ပံ့ ပေးနေတယ်လို့ ဦးချွန်ဟရဲက ဆိုပါတယ်။

ဒီရက်ပိုင်း အတွင်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ လည်း ရေဘေး ကြုံခဲ့ရပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးတယ်လို့ အစိုးရက အတည်ပြု ထားပါတယ်။

လတ်တလော မှာလည်း ဟင်္သာတ၊ ဇလွန်နဲ့ ပဲခူး ဒေသတွေမှာ ဧရာ၀တီ မြစ်ရေဟာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ အစိုးရက သတိပေးချက် ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ