စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ

thilawa_
Image caption စက်မှု ဇုန်အသစ်တွေ ထပ်ဖော်ဆောင်တော့မယ်

ရန်ကုန်တိုင်းထဲက စက်မှုဇုန် မြေနေရာတွေကို ရင်းနှီးမြှုပ်နှံ လုပ်ငန်း လုပ်ကိုင် လိုသူတွေ အတွက် လေလံတွေ ဆွဲပေး တော့မယ်လို့ သိရပါတယ်။

ဘယ်စက်မှုဇုံက မြေကွက် တွေကို လေလံဆွဲမှာ ဖြစ်ပြီး ဘယ်တော့ လောက်မှာ လေလံဆွဲမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စက်မှု လုပ်ငန်း ရှင်များ အသင်းရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးမြင့်စိုးကို ဆက်သွယ် မေးကြည့်တော့ ရွာသာကြီး ဘက်မှာ ရှိတဲ့ အရှေ့ဒဂုံ စက်မှု ဇုန်မှာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ လေလံပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမှာ ဧကကွက် ၂၈ ကွက်လောက် ရှိမှာ ဖြစ်ပြီး ကြမ်းခင်းဈေး အဖြစ်တော့ ၁ ဧကကို ကျပ် သိန်း ၇၀၀ လောက်နဲ့ စမယ်လို့ သိရပါတယ်။

လေလံဆွဲတဲ့ မြေကွက်တွေကို နှစ် ၃၀ ဌားရမ်း ပေးသွားမှာ ဖြစ်ပြီးနှစ် ၃၀ ပြည့်တဲ့ အခါမှာလည်း သက်တမ်း တိုးလို့ ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ လေလံပွဲက မြေကွက် တွေကို ပြည်တွင်း နိုင်ငံသား လုပ်ငန်း ရှင်တွေ သာမကဘဲ ပြည်ပက နိုင်ငံခြားသား လုပ်ငန်း ရှင်တွေပါ မည်သူ့ကို မဆို ဌားရမ်း ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

အရင်က စက်မှု ဇုန်တွေက ဂရန်တွေကို ကိုင်ထားပြီး တက်ဈေးရမှ ပြန်ရောင်း မြေကစား တာမျိုးတွေ ထပ်ဖြစ်မလာ နိုင်ဘူးလား ဆိုတဲ့ အခါမှာတော့ ဒီလို အဖြစ်မျိုးတွေကို ကာကွယ် နိုင်အောင်လို့ စည်းကမ်း ချက်တွေမှာ အသေးစိတ်ကို ပြောထားတယ်လို့ ဆိုပါတယ်။

လေလံဝင်ဆွဲဖို့ အတွက် ကျပ် သိန်း ၁၀၀ တင်ရမှာ ဖြစ်ကြောင်း၊ လေလံမအောင်မြင် ခဲ့ရင် ဒီငွေကို ပြန်ရနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ တကယ်လို့ လေလံ အောင်ခဲ့ရင် အဲဒီလေလံ အောင်တဲ့ ငွေပမာဏကို မပေး ချေရင်တော့ အဲဒီ သိန်း ၁၀၀ အသိမ်းခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲဒီလို လေလံအောင်ပြီး အချိန် တလ အတွင်းမှာ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ မှာ ဆောင်ရွက် ရမယ့် ကိစ္စရပ်တွေကို တင်ပြရမှာ ဖြစ်ပြီး၊ အဲဒီလို တင်ပြပြီးရင်တော့ စာချုပ် ချုပ်ဆိုပြီး ဌားရမ်းခွင့် ရှိတဲ့ နေရာမှာ ရက်ပေါင်း ၉၀ အတွင်း စက်မှု လုပ်ငန်းတွေ စတင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကိုတော့ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီက သတ်မှတ် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တခုက လေလံ အောင်မြင်တဲ့ သူဘက်ကလည်း မြေကွက်ကို စလက်ခံ ရရှိပြီးတဲ့ နေ့ကနေ အချိန်အားဖြင့် ၅ နှစ်အတွင်း အမည်ပြောင်းတာ၊ တခြားလူအမည်နဲ့ လုပ်ကိုင်တာမျိုး လုပ်လို့ မရဘူးလို့လည်း ပြောပါတယ်။

အဲဒီလို စည်းကမ်းချက် တွေကြောင့် အမှန်တကယ် မြေလိုအပ်ပြီး လုပ်ငန်း လုပ်ကိုင် လိုသူ တွေအတွက် သူတို့ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏကို ဘာသာ သတ်မှတ်ပြီး ဆောင်ရွက် နိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က မြန်မာ နိုင်ငံမှာ မြေဈေးတွေ အဆမတန် မြင့်မား နေလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ မဝင်ရဲ ဖြစ်နေကြတာက အခုလို လုပ်ပေးလိုက် တဲ့ အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်း တွေအရ မြေနဲ့ ပတ်သက်လို့ ရရှိနိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးပေး သလို ဖြစ်လာလို့ နိုင်ငံခြားသား တွေကလည်း ဒီအကျိုးကို ခံစား ရမှာ ဖြစ်ပြီး ရင်းနှီး မြှုပ်နှံသူ တွေအနေနဲ့ ဒီနည်းနဲ့ မြေဈေး မြင့်နေတာကို ရှောင်လွှဲ နိုင်မှာ ဖြစ်တယ်လို့ ယူဆတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ