ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံတကာဂိတ်ဖွင့်

Image caption နိုင်ငံတကာ ဂိတ်တွေ အဖြစ် အဆင့်မြှင့် လိုက်တာကြောင့် ထိုင်းမြန်မာ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း အကျိုးရှိလာနိုင်

ထိုင်း မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ် ၄ ခုကို သြဂုတ်လ ၂၈ရက် မနက်ကစပြီး နိုင်ငံတကာ စစ်ဆေးရေးဂိတ်တွေ အဖြစ် အဆင့်မြှင့် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အဲဒီဂိတ်တွေကတော့ တာချီလိတ် - မယ်ဆိုင်၊ မြဝတီ - မဲဆောက် ၊ ထီးခီး - နမ့်ဖုရော်န် နဲ့ ကော့သောင် - ရနောင်း စစ်ဆေးရေး ဂိတ်တွေ ဖြစ်ကြပါတယ်။

နယ်စပ်ဂိတ် တွေကနေ နိုင်ငံကူး လက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာ အပြည့်အစုံနဲ့ ၀င်လာသူတွေဟာ ရန်ကုန်၊ မန္တလေး လေဆိပ်တွေကနေ ပြည်ပကို ထွက်ခွာ နိုင်သလို ရန်ကုန်၊ မန္တလေး လေဆိပ်တွေကနေ ဝင်လာသူတွေကလည်း နယ်စပ်ဂိတ် တွေကနေ ပြန်ထွက်သွား နိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်ဂိတ်တွေကနေ တဆင့် ထိုင်းနိုင်ငံ အတွင်းပိုင်းကို အပန်းဖြေခရီး အလည်အပတ် သွားနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ထိုင်းမြန်မာ နယ်စပ် စစ်ဆေးရေး ဂိတ်တွေကို နိုင်ငံတကာ စစ်ဆေးရေးဂိတ်တွေအဖြစ် အဆင့်မြှင့် ဖွင့်လှစ်လိုက်တာကြောင့် ထိုင်း မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း တွေမှာပါ အကျိုးရှိလာမယ်လို့ ထိုင်းနိုင်ငံက အာဆီယံ သတင်းထောက်အသင်း အကြံပေးပုဂ္ဂိုလ် နိုင်အမ်နတ် ယုဝဖန် က သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း ဒီလို နယ်စပ်ဂိတ်တွေကို နိုင်ငံတကာ အဆင့်မြှင့်ပေး လိုက်တဲ့ အတွက် နယ်စပ် ဖြတ်ကျော် ရာဇ၀တ်မှုတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ ပိုများလာမလားလို့ စိုးရိမ်သူတွေလည်း ရှိပါတယ်။

ဒါနဲ့ ပတ်သက်လို့ ထိုင်းနဲ့မြန်မာ မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက် မှုတွေ နှစ်နိုင်ငံကြား ရှိနေပြီး နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေကိုလည်း ပြီးခဲ့တဲ့နှစ်တွေမှာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဆောင် ရွက်နေတာတွေက အထင်အရှား ဖြစ်တယ်လို့ ထိုင်းရဲအရာရှိတွေက ထောက်ပြကြပါတယ်။