ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား

kantbalu
ဓာတ်ပုံ ပုံစာ,

ပဋိပက္ခတွေ မဖြစ်အောင် လုံခြုံရေးတွေ ပိုချထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တချို့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။ ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်ကွက် မှာလည်း ဆိုက်ကား စီးပြီး ကလေး ကျောင်းသွားကြိုတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီး တဦးကို လူနှစ်ဦးက ဘလိတ်ဒါးလိုမျိုး အသွား ထက်တဲ့အရာ တခုနဲ့ မျက်နှာကို လှီးခဲ့တဲ့ ရာဇဝတ်မှု တခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်တဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရသေး ပေမယ့် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်တယ် ဆိုတဲ့ သံသယ တွေကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထား နေပါတယ်။

အခု ဖြစ်ရပ်တွေဟာ သီးခြား ဖြစ်စဉ် တွေလို ဖြစ်နေပေမယ့် မကြာသေးခင် ကာလတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေ တွေကြောင့် နောက်ထပ် ပြဿနာတွေ မကြီးထွား လာအောင် အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက် နေတာ တွေ့ရပါတယ်။

ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား စိတ်ဝမ်းကွဲမှု တွေကို ဖြေရှင်းဖို့ ကတော့ အစိုးရအဖို့ ကြီးမားတဲ့ အခက်အခဲ အဖြစ်ရှိနေ ပါတယ်။

အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ကြိုကြား ကြိုကြား ဖြစ်လာနေတဲ့ အချိန်မှာပဲ မန္တလေးမြို့ မှာတော့ ဒါတွေ မကြုံရစေဖို့ ပဋိပက္ခ များ ဖန်တီးမှုကို ကြိုတင် တားဆီး ကာကွယ်ရေး အဖွဲ့ကနေ သီတဂူ ဆရာတော်ကြီး ဦးဉာဏိဿရရဲ့ ငြိမ်းချမ်းရေး ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပကြပါတယ်။

အဲဒီအဖွဲ့ဟာ မန္တလေး မြို့ပေါ်မှာ အဲဒီလို ပဋိပက္ခတွေ မဖြစ်ရအောင် ၄ ကြိမ်လောက် တားဆီး ကာကွယ် နိုင်ခဲ့ပြီး ဖြစ်သလို ပြဿနာ ဖြစ်တဲ့ ဒေသတွေကိုလည်း သွားရောက် ပြီး ပဋိပက္ခများ မဖြစ်အောင် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ အတွက်ကိုလည်း အကြံပြု နေတာ ဖြစ်ပါတယ်။

အခုလည်း ထန်းကုန်း ရွာအထိ လည်း သွားရောက် ခဲ့ပြီး ပဋိပက္ခ ကြိုတင် တားဆီးရေး အဖွဲ့တွေတောင် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။