ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်

Image caption ဩဂုတ်လ ၂၈ ရက် ၂၉ ရက်တွေ မှာ၊ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲ ထပ်ဖြစ်

အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေ ကချင်အဖွဲ့ တို့ကြား အပစ်ရပ်နိုင်ရေး အတွက် အချက် ၇ ချက်ပါ သဘောတူညီချက် တရပ်ကို လက်မှတ် ထိုးထားတဲ့ ကြားမှာပဲ၊ နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေ တုန်းက ပန်ဝါ ဒေသမှာ NDAK အဖွဲ့ကနေ အသွင်ပြောင်း ထားတဲ့ နယ်ခြားစောင့် တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ သလို၊ ဩဂုတ်လ ၂၈ ရက် ၂၉ ရက်တွေ မှာလည်း အဲဒီ ဒေသ အနီး တဝိုက်မှာပဲ၊ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲ ထပ်ဖြစ် ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ အစိုးရ တပ်ဘက်က ၂ ဦး ကျသွားပြီး လက်နက်ကြီး တလက်လည်း ကေအိုင်အေ ဘက်က သိမ်းယူ သွားတယ်လို့ အစိုးရဘက် အကြောင်းကြားလာ ခဲ့တယ်လို့ မြစ်ကြီးနား မြို့မှာ ရှိတဲ့ ကေအိုင်အို ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ Technichal Adivisory Team ပြောခွင့် ရသူ ဦးဒေါင်ခါးက ဘီဘီစီကို ပြောပါ တယ်။

ကေအိုင်အေ တပ်ဖွဲ့တွေ ပြောတာ ကတော့ အစိုးရ တပ်ဖွဲ့တွေဟာ ကေအိုင်အေ တပ်တွေ ရှိတဲ့ ဘက်ကို ဝင်လာတဲ့ အတွက် ဖြစ်ရတာလို့ ဆိုပါတယ်။

ဒါဟာ နှစ်ဘက် နယ်မြေ သတ်မှတ် မှုနဲ့ ပတ်သက်ပြီး မပြေလည် တာတွေ ရှိနေတာ ဖြစ်ပြီး၊ အခုလို တိုက်ခိုက် မှုတွေဟာ အပစ် အခတ် ရပ်စဲရေး အတွက် ကသိ ကအောက် ဖြစ်စေနိုင် ကြောင်း ဦးဒေါင်ခါးက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ