ပုဒ်မ ၁၈ကို သုံးသပ်ဖို့ တောင်းဆိုသံတွေ ထွက်

ခွင့်ပြုချက်မရှိပဲ ဆန္ဒ ထုတ်ဖေါ်သူတွေကို ဖမ်းဆီး အရေးယူမှုတွေ တိုးလုပ်လာနေ
ဓာတ်ပုံ ပုံစာ,

ခွင့်ပြုချက်မရှိပဲ ဆန္ဒ ထုတ်ဖေါ်သူတွေကို ဖမ်းဆီး အရေးယူမှုတွေ တိုးလုပ်လာနေ

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့သူတွေကို ဖမ်းဆီး အရေးယူတာတွေ၊ ထောင်ဒဏ် အပြစ်ပေး တာတွေ အခုနောက်ပိုင်း ဆက်တိုက် ဆိုသလို ရှိလာအပြီးမှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ ကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ ဒါမှမဟုတ် လုံးဝ ဖျက်သိမ်းပစ်ဖို့ တောင်းဆိုသံတွေ အများ အပြား ထွက်ပေါ်လာခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေး ကော်မီတီ အတွင်းရေးမှူး NLD ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ ဒီပုဒ်မ ၁၈ကို ပြင်ဆင်ရေးဆွဲပေးဖို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက လွှတ်တော်မှာ အဆိုတင်သွင်းထားခဲ့တာပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်မပါပဲ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် ပေးထားပေမယ့် အခု အဲဒီ ဥပဒေ ပေါ်လာတဲ့အခါ သတ်မှတ် စည်းကမ်းချက်များနဲ့အညီ ဆိုတဲ့ စကားလုံး ထည့်သွင်းထားခဲ့ တာကြောင့် အခြေခံ ဥပဒေထဲမှာ ပါတဲ့ အခွင့်အရေးတွေက အကန့်အသတ်တွေနဲ့ ဖြစ်သွားသလို ပြည်ထဲရေး ဝန်ကြီးကလည်း ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ စီတန်း လှည့်လည်ခွင့် နည်းဥပဒေ ဆိုပြီး ထပ်ထုတ်လိုက်တဲ့အခါ စည်းမျဉ်း စည်းကမ်းတွေ ပိုတင်းကြပ် လာပြီး နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့တယ်လို့ ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့် အခွင့်အရေးကို ဥပဒေ ပြဌာန်းတဲ့အခါ အဲဒီ အခွင့်အရေး မပျက်အောင် ပြဌာန်းဖို့ လိုသလို တခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း ဒီဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုကြောင်း၊ ဥပမာ နည်းပဒေထဲမှာ ပါတဲ့ ၅ရက်တင်ကြိုပြီး မြို့နယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့၊ မြို့နယ် တခုထက် ကျော်လွန်ပြီး ဆန္ဒပြရင် တခြား မြို့နယ်တွေရဲ့ ခွင့်ပြုချက် ယူဖို့ စတဲ့ စည်းမျဉ်းတွေကို ပြန်လည် သုံးသပ်ဖို့ လိုကြောင်း ထောက်ပြသွားပါတယ်။

လက်ပံတောင်းတောင် စီမံကိန်း ကိစ္စ ဆန္ဒ ထုတ်ဖေါ် ခဲ့သူ ဒေါ်နော်အုန်းလှကို နိုင်ငံတော် အကြည်ညို ပျက်အောင် လုပ်ခဲ့မှု ပုဒ်မနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ပါတယ်။