မြန်မာ အလုပ်သမားကိစ္စ အထူးကိုယ်စားလှယ်အဖွဲ့ လွှတ်မည်

မလေးရှားမှာ တရားမဝင်သူများကို ဖမ်းဆီး။
Image caption မလေးရှားမှာ တရားမဝင်သူများကို ဖမ်းဆီး။

မလေးရှားရောက် မြန်မာ အလုပ်သမားများ အရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းဖို့ နိုင်ငံတော် သမ္မတ ညွှန်ကြားချက်နဲ့ မြန်မာ အထူး ကိုယ် စားလှယ် အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်း အတွင်း သွားရောက်ဖို့ ရှိနေပါတယ်။

ဒီအဖွဲ့မှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ ပါဝင်မယ်လို့ သိရပါတယ်။

သုံးလကြာ စစ်ဆင်ရေး ပြုလုပ်ပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးမယ့်နှိမ်နင်းရေး အစီအစဉ်ကို မလေးရှားအခေါ် အော်ပရာစီလို့ အမည်ပေးထားပြီးတော့ ဒီစစ်ဆင်ရေးဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့ပါတယ်။ အဲဒီအစီစဉ် စပြီး ၂၄ နာရီအတွင်း တရားမဝင် မြန်မာလုပ်သား ၅၀ဝ ကျော် အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ မလေးရှား သတင်းစာတွေ က စက်တင်ဘာလ ၂ ရက်နေ့က ဖော်ပြပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား အလုပ်ကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ရုံးအဖွဲမှူး ဦးမောင်မောင်ကျော် ကတော့ ထိုင်းနိုင်ငံမှာ လုပ်ပေးသလို နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ပုံစံမျိုး လုပ်ကိုင်ပေးနိုင်အောင် ညှိနှိုင်းဖို့ ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ညှိလို့ရတာ အကုန်ညှိသွားမယ်လို့လည်း ဦးမောင်မောင်ကျော်က ဘီဘီစီကိုပြောပါတယ်။ မလေးရှားနိုင်ငံမှာ ကွာလာလမ်ပူမြို့တော် အပါအဝင် ပီနန်း၊ ဂျိုဟိုး စတဲ့တရားမဝင် အလုပ်သမားအများစု ခိုအောင်းရာ နေရာတွေ၊ စက်ရုံတွေကို အဓိကထား စစ်ဆေးဖမ်းဆီးနေတာဖြစ်ပြီးတော့ ဒီတစ်ခေါက်မှာ အရေအတွက် လေးသိန်းအထိ ဖမ်းအဆီးမှုတွေ လုပ်မှာဖြစ်တယ်လို့ မလေးရှားအစိုးရက ပြောထားပါတယ်။ မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ မလေးရှားရောက် မြန်မာလုပ်သား တွေရဲ့ မိ သားစုဝင်တွေကတော့ ဒီလို ဖမ်းဆီးမှုတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

မလေးရှားနိုင်ငံရဲ့ ဒီမိုကရက်တစ် အက်ရှင်ပါတီ အမတ် Teresa Kok ကတော့ ပြည်ထဲရေးဝန်ကြီး အသစ်တက်လာပြီး ဘင်္ဂလားဒေရှ့်ကနေ အလုပ်သမား ၁ ဒဿမ ၃ သန်း လာဖို့ရှိတယ်လို့ ပြောကြောင်း၊ အဲဒီနောက် အခုလို ပြန်ပို့မှုတွေ ခပ်ကြမ်းကြမ်းလုပ်လို့ အစိုးရရဲ့ ပေါ်လစီကို အလုပ်ရှင်ရော အလုပ်သမားတွေကပါ ဝေဖန်ပစ်တင်နေတယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ