ရခိုင်မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ပြစ်ဒဏ်ချ

Image caption ရခိုင်ပြည်နယ်တွင်းက လုံခြုံရေး တပ်ဖွဲ့တွေ

ဒီနှစ် မတ်လ အတွင်း က သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြပွဲတွေကို ဦးဆောင်သူတွေဆိုပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့ လူ ၁၁ ဦးထဲက ၄ ဦးကို ကျောက်တော် မြို့နယ် တရားရုံးက မနေ့က ထောင် (၃) လစီ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

အခု ထောင်ချခံရတဲ့ သူ ၄ဦးကတော့ ကျောက်တော်မြို့က ဖြစ်ကြပြီး ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ နဲ့ မနေ့က ထောင် ၃ လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့အတော်များများမှာ မွတ်ဆလင် ဒုက္ခသည်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီးမှ လုံးချင်းအိမ်ယာတွေ ဆောက်လုပ်ပေးဖို့ တောင်းဆို ဆန္ဒပြပွဲတွေကို မတ်လ အတွင်းက ပြုလုပ်ခဲ့ကြပါတယ်။

ကျောက်တော်မှာ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထု ဆန္ဒပြပွဲကိုတော့ သူတို့ ၄ ဦးက ခွင့်ပြုချက်မရဘဲ ဦးဆောင်ခဲ့တယ်ဆိုပြီး ကျောက်တော်ရဲစခန်းက တရားလို လုပ်ကာ တရားစွဲခဲ့ပါတယ်။

ထောင်ချခံရတဲသူ ၄ ဦးကိုတော့ ကျောက်တော်ကနေ စစ်တွေကို မနေ့ညနေက ချက်ချင်းဘဲ ယူဆောင်လာခဲ့ပြီး အခုတော့ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။

ဒီကနေ့မှာ စစ်တွေ ထောင်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပြီး အလားတူဘဲ တောင်ကုတ်မြို့က တရားစွဲခံထားရတဲ့ ဦးမင်းထွန်း၊ ဦးစိုး၀င်းနှင့် ဦးသန်းလွင်စိုးတို့ကိုလည်း မြို့နယ် တရားရုံးက ဒီကနေ့မှာ စီရင်ချက်ချမယ်လို့ သိရပါတယ်။

နောက်ထပ် ကျန်နေတဲ့ စစ်တွေက ၂ ဦးနဲ့ ရသေ့တောင်က နှစ်ဦးကိုလည်း များမကြာမီ စီရင်ချက်ချနိုင်တယ်လို့ သိရပါတယ်။

ခုလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြပွဲတွေကို ဦးဆောင်သူတွေ အပေါ်မှာ ထောင်ချတာဟာ အခု အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ် အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ