လိုင်ဇာ ဒုက္ခသည်စခန်းဆီ ကုလသမဂ္ဂ အကူအညီ ရောက်သွားပြီ

Image caption လိုင်ဇာမှာ တိုက်ပွဲတွေကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၄ထောင်ကျော် လောက် ရှိနေ

ကချင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေ ရှိရာ လိုင်ဇာ ဒုက္ခသည် စခန်းတွေဆီ ကုလသမဂ္ဂ ကယ်ဆယ်ရေး အထောက်အပံ့ တွေ တင်ဆောင်လာတဲ့ ကားတန်းကြီး စနေနေ့ညက ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါဟာ တနှစ်ခွဲတာ ကာလအတွင်း ပထမဆုံး အကြိမ် အဖြစ် အဲဒီ ဒေသဆီ ကုလသမဂ္ဂက ကယ်ဆယ်ရေး အထောက်အပံ့တွေ အရောက်ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လူသားချင်း စာနာတဲ့ အကူအညီတွေ လိုအပ်နေတဲ့ လိုင်ဇာဒေသက ဒီဒုက္ခသည်စခန်းတွေဆီ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရောက်ဖို့ အခုလို ကြန့်ကြာနေခဲ့ရတဲ့ အဓိက အကြောင်းရင်းက လုံခြုံရေး အခြေအနေကြောင့် ဖြစ်ကြောင်းနဲ့ အခုအခါ သက်ဆိုင်ရာတွေဆီက ခွင့်ပြုချက် ရပြီမို့ နောင်ကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ပုံမှန် ပို့နိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ကယ်ဆယ်ရေး ညှိနှိုင်းရေး ဌာနေ ကိုယ်စားလှယ် မစ္စတာ Ashok Nigam က ဘီဘီစီကို ပြောပြပါတယ်။

အခု ရောက်လာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့ အဖွဲ့ဟာ ဝေချိုင်း ဒုက္ခသည်စခန်း အတွက် စားနပ် ရိက္ခာ ဖြန့်ဝေ ပေးဖို့နဲ့ လိုင်ဇာဒေသတွင်းက ကျန်တဲ့ ဒုက္ခသည်စခန်းတွေမှာ ကယ်ဆယ်ရေး အထောက်အပံ့ လိုအပ်မှုတွေကို ဆန်းစစ်ဖို့ ရောက်ရှိလာတာ ဖြစ်တယ်လို့ လိုင်ဇာဒေသ ဗဟို စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မီတီ အတွင်းရေးမှူးဦးဇော်ရော်က ပြောပြပါတယ်။

အခုလာတဲ့ ယာဉ်တန်းမှာ ကုန်တင်ကား ၁၂စီး ပါပြီး ဒုက္ခသည်တွေအတွက် တလစာ စားနပ်ရိက္ခာနဲ့ တခြား ဆေးဝါး၊ လူ့အသုံးအဆောင် ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သိရပါတယ်။

နောက်ထပ်လည်း ကယ်ဆယ်ရေး အထောက်အပံ့ ကားတန်းကြီး ၂ခု ထပ်ရောက်လာဖို့ ရှိတယ်လို့ ဦးဇော်ရော်က ပြောပါတယ်။

လိုင်ဇာဒေသမှာ တိုက်ပွဲတွေကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်ပေါင်း ၄၃၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။