မိတ္ထီလာမှာ ဗလီတွေ ပြင်ဆင်ခွင့်ပြု

Image caption မိတ္ထီလာက ပျက်စီးသွားတဲ့ ဗလီတစ်လုံး

မိတ္ထီလာမြို့မှာ အခင်းဖြစ်ပွားပြီးနောက် ပျက်စီးသွားလို့ ပိတ်ထားလိုက်ရတဲ့ ဗလီတွေကို အခုအခါ ပြန်လည် ပြင်ဆင်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ အတွင်း ရေးမှူး ဦးအုန်းလွင်က ပြောပါတယ်။

အခုဗလီတွေကို ပြန်လည်ပြင်ဆင်နေပြီ ဖြစ်တဲ့ အကြောင်း မိတ္ထီလာမြို့က အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြောပြပါတယ်။

မီးလောင်သွားတဲ့ အစ္စလာမ်ရပ်ကွက်ကိုတော့ ပြန်နေခွင့်မရသေးကြောင်း၊ အနည်းငယ် ပျက်စီးသွားတဲ့ နေအိမ်တွေမှာတော့ ကိုယ်အစီအစဉ်နဲ့ကိုယ် နေနေကြပြီဖြစ်တဲ့အကြောင်း ပြောပါတယ်။

မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် တချို့ရဲ့ ပဋိပက္ခမှာ အဖမ်းခံထားရတဲ့သူ ၁ဝဝ ကျော်ရဲ့ အမှုကို အောက်ခြေတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အခုအခါ အယူခံရုံးမှာ အယူခံဝင်တဲ့အဆင့် ရောက်နေပြီဖြစ်ကြောင်း အစိုးရပိုင်းနဲ့ နီးစပ်သူက ပြောပြပါတယ်။