အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပြင်ဆင်

wrestling
Image caption နပန်းပြိုင်ပွဲ

မြန်မာနိုင်ငံ မှာ နှစ်ပေါင်း ၄ဝ ကျော် အတွင်း ပထမ ဆုံး အကြိမ် လို့ ပြော နိုင်တဲ့ အရှေ့ တောင် အာရှ အားကစား ပြိုင်ပွဲ ကို လက်ခံ ကျင်းပ ဖို့ ရက်ပေါင်း ၉ဝ သာ ကျန်တော့ တဲ့ အတွက် ရန်ကုန် အပါအဝင်၊ ငွေဆောင်၊ နေပြည်တော် နဲ့ မန္တလေး စတဲ့ လက်ခံ ကျင်းပမယ့် မြို့တွေ မှာ ပြင်ဆင်မှု တွေ ပြုနေပါပြီ။

၁၉၆၀ ပြည့်လွန် နှစ်တွေ တုန်းက ဒီလို နိုင်ငံတကာပွဲ တွေ လက်ခံ ကျင်းပ ခဲ့ဖူးတဲ့ ရန်ကုန်မြို့မှာ မနေ့တုန်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အားကစား ဝန်ကြီးဌာန က တာဝန်ခံ တွေ ပထမဆုံး အကြိမ် ညှိနှိုင်းမှု တွေ ပြုလုပ်ကြပါတယ်။

ရန်ကုန် မှာ သေနတ်ပစ်၊ ကင်ပို၊ နပန်း၊ အလေးမ၊ ဟော်ကီ၊ ဘောလုံး၊ ကာယအလှ ပြိုင်ပွဲ စတဲ့ အားကစား ၇ မျိုး လက်ခံ ကျင်းပမယ့် အကြောင်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ရဲ့ နိုင်ငံတကာ ဆက်ဆံရေး အတွင်းရေးမှူး ဦးမြတ်သူရစိုး က ဘီဘီစီ ကို ပြောပါတယ်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကို နိုင်ငံပေါင်း ၁၁ နိုင်ငံ မှ အားကစားသမားပေါင်း ၁ဝဝဝ မှ ၁၅ဝဝ အထိ လာရောက် ယှဉ်ပြိုင်ဖို့ ရှိကြောင်း၊ ရန်ကုန်မြို့မှာ က အရင် ကတည်းက အားကစားကွင်းတွေ၊ အားကစားရုံ တွေ ရှိနှင့်ပြီးသား ဖြစ်သလို၊ အားကစား သမားတွေ တည်းခိုဖို့ ဟိုတယ် တွေ ကိုလည်း၊ သက်ဆိုင်ရာ အားကစား ကျင်းပမယ့် နေရာတွေ နဲ့ နီးရာမှာ နေရာချပေးဖို့ စီစဉ်ထားကြောင်း လည်း ဦးမြတ်သူရစိုး က ဘီဘီစီ ကို ရှင်းပြပါတယ်။