မလေးက မြန်မာလုပ်သားများအရေး နှစ်ဖက်အစိုးရ သဘောတူညီမှုရပြီ

Image caption မလေးရှားက ပြန်ရောက်လာသူအချို့

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေအတွက် ကွာလာ လမ်ပူမြို့မှာ One Stop Service စင်တာ ဖွင့်လှစ်ပြီး အထောက်အထား ထုတ်ပေးဖို့ မလေးရှားနဲ့ မြန်မာ နှစ်ဖက်အစိုးရ သဘော တူညီမှု ရလိုက်ပြီလို့ သိရပါတယ်။

ဒီအစီစဉ်ကို နောက် ၂ လလောက်မှာ စတင်ဖို့ ရှိတယ် ဆိုတဲ့အကြောင်း မြန်မာအစိုးရရဲ့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားက ပြန်ရောက်ရောက် ချင်း မင်္ဂလာဒုံလေဆိပ်မှာ ဒီကနေ့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မလေးရှားမှာ အထောက်အထား မရှိတဲ့ မြန်မာနိုင်ငံက တရားမဝင် လုပ်သားပေါင်း တစ်သိန်းတစ်သောင်းလောက်ရှိနေပြီး ဒီလူတွေအတွက် အထောက်အထား စိစစ်ပေးမှုကို ကွာလာလမ်ပူမှာရှိတဲ့ မြန်မာ သံရုံးက လုပ်ပေး မှာ ဖြစ်ပြီး ကွာလာလမ်ပူနဲ့ အဝေးမှာ ရှိနေတဲ့ တရားမဝင် မြန်မာတွေအတွက်လည်း စက်ရုံ အလုပ်ရုံတွေ၊ စိုက်ပျိုးရေးခြံတွေ အထိပါ ကွင်းဆင်းလုပ်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသား ဖြစ်ပြီး အလုပ်ရှိတဲ့သူတွေကို တရားဝင် အလုပ်လုပ်နိုင်ဖို့ အထောက်အထား ထုတ်ပေးမှာဖြစ်သလို၊ အလုပ်မရှိဘဲ မြန်မာနိုင်ငံ ပြန်ချင်တဲ့သူတွေအတွက်လည်း ရင်းဂစ် ၄၀၀ (မြန်မာငွေ တစ်သိန်းကျော်) ဆောင်ရတဲ့ ဒဏ်ကြေးကို ပေးစရာမလို့တော့ဘဲ ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ ဦးအေးမြင့်က ပြောသွားပါတယ်။

ဝန်ကြီးက ဒီလို ပြောခဲ့ပေမယ့် အခုလို အကောင်ထည်ဖော်ဖို့ ကိစ္စဟာ နားလည်မှု စာချွန်လွှာ ရေးထိုးတဲအဆင့်ထိ ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု ယူခဲ့တဲ့အဆင့်သာ ဖြစ်တဲ့အတွက် ဖြစ်မှ ဖြစ်လာပါ့ မလား ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

အခု ရက်ပိုင်းမှာ တရားမဝင် ဖြစ်နေတဲ့ မြန်မာလုပ်သား တချို့ဟာ မလေးရှားကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်လာနေကြတာတွေ ရှိပါတယ်။

မလေးရှားအခေါ် အော်ပရာစီလို့ အမည်ပေးထားတဲ့ တရားမဝင် နိုင်ငံခြား အလုပ်သမားတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နောက် ၃ လ အထိ ဖမ်းဆီးဖို့ ရှိနေပါတယ်။

ဒီနေ့အထိ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ မလေးရှားမှာ ဖမ်းဆီးခံထားရပြီးတော့ ထောင်ဂဏန်းလောက်ရှိတဲ့ မြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ စောင့်ဆိုင်းနေတယ်လို့လဲ သိရပါတယ်။