သံဃာ့ လှုပ်ရှားမှု ၆ နှစ်ပြည့် ကျင်းပ

Saffron Revolution 5th Anniversary
Image caption မနှစ်က ကျင်းပတဲ့ သံဃ လှုပ်ရှားမှု ၅ နှစ်မြောက် အခမ်း အနား တက်ရောက်တဲ့ သံဃာများ

သံဃာ့ လှုပ်ရှားမှု စတင် ခဲ့တဲ့ ၆ နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင်တိုင်က သာဓု ကျောင်းမှာ ကျင်းပ ခဲ့ကြပါတယ်။

ဒီ နှစ်ပတ်လည် အခမ်းအနားမှာ သံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ သံဃာတော် တွေနဲ့ လူပုဂ္ဂိုလ် တွေက အတွေ့အကြုံတွေကို ရှင်းပြ ခဲ့ကြတဲ့ အပြင် အဲဒီ ကာလက မှတ်တမ်း ဓာတ်ပုံ တွေကို ပြသ ခဲ့ကြပါတယ်။

ပုဇွန်တောင် ရွှေတောင် ကျောင်းက ဆရာတော် ဦးပဏ္ဍဝံသ ခေါ် ဦးပြေကျော်က ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့လို မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဆရာတော်တွေ၊ မန္တလေး သံဃာ့ သမဂ္ဂီ အဖွဲ့လို ထင်ရှားတဲ့ သံဃာ့ အဖွဲ့ အစည်းတွေ အားလုံးကို စုပေါင်းထားတဲ့ သံဃာ့ တပ်ဦး ဖွဲ့စည်းပြီး နောက်ဆုံးမှာ သံဃာ့ လှုပ်ရှားမှု ဖြစ်လာခဲ့တဲ့ အကြောင်းတွေကို နောင်လာ နောက်သား သံဃာတွေ သိရှိစေဖို့ ရည်ရွည်ပြီး နှစ်စဉ် ကျင်းပ သွားမယ်လို့ မိန့်ပါတယ်။

သံဃာ့ လှုပ်ရှားမှု ကာလက ပါဝင်ခဲ့တဲ့ ငွေကြာယံ ကျောင်းတိုက် ဆရာတော် ဦးဇာနေယျ ကလည်း သံဃာတော်တွေ အပေါ် အပြစ်ကျူးလွန် ခဲ့သူတွေရဲ့ တောင်းပန် ဝန်ချမှုကို လိုလားတယ်လို့ ပြောပါတယ်။

အခုလို အခမ်းအနားမျိုးကို အရင်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ လုပ်ခဲ့ကြပေမယ့် အကျဉ်းထောင်ထဲက လွတ်လာတဲ့ သံဃာတော် တွေရဲ့ ဆန္ဒအရ တစ်နိုင်ငံလုံးမှာ သပိတ်မှောက် ကံဆောင်ဖို့ သံဃာတော်တွေ မေတ္တာပို့ ကြွချီတဲ့ ရက်ကို ပြောင်းလဲ သတ်မှတ် လိုက်တာလို့ ဆရာတော်တွေက မိန့်ပါတယ်။

သာဓု ကျောင်းမှာ ပြုလုပ်တဲ့ အခမ်းအနားကို သံဃာတော်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းဝင်တွေနဲ့ လူ့ဘောင်သစ် ပါတီဝင်တွေ အပါအဝင် စုစုပေါင်း ပရိတ်သတ် တစ်ထောင် နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ