ဥက္ကံ အဓိကရုဏ်း ပါဝင်သူတွေကို ပြစ်ဒဏ် ချမှတ်ပြီ

_bbc_okkan_304x171
Image caption ဥက္ကံ အဓိကရုဏ်း အတွင်း အပျက်အစီး

အခု ၂၀၁၃ ခုနှစ် အတွင်း၊ ဧပြီ လကုန်ပိုင်း က ဥက္ကံ မြို့ မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး နွယ်တဲ့ အဓိကရုဏ်းမှု နဲ့ ပတ်သက် ပြီး၊ ဖမ်းဆီး တရားစွဲခံထားရသူတွေထဲ က ၂ ဦး ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကို တိုက်ကြီး မြို့နယ် တရားရုံး ကနေ ပြီးခဲ့တဲ့ တနင်္လာနေ့ က ချမှတ် လိုက်ပါတယ်။

ဥက္ကံ မြို့ မှာ အကြမ်းဖက်မှု၊ အိမ်ယာ ဖျက်ဆီးမှု စတာတွေ ကျူးလွန်တဲ့ အတွက် အဆိုပါ တရားခံ ၂ ဦး ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ် ချတဲ့ အကြောင်း၊ မီးရှိုမှု ထဲ မှာ ပါဝင်မယ် ဆိုရင် အပြစ်ပိုကြီး တဲ့ အတွက် ထောင်ဒဏ် ၇ နှစ် အထိ ကျနိုင်ကြောင်း တိုက်ကြီး မြို့နယ် ရဲမှူး ဦးမြင့်မောင် က ဘီဘီစီ ကို ပြောပါတယ်။

ဥက္ကံမြို့ အဓိကရုဏ်းမှု နဲ့ ပတ်သက်ပြီး ၅ ဦး ကို ထောင်ဒဏ် အပြစ်ပေးပြီး ဖြစ်ကြောင်း၊ ၁၅ ဦး အမှု ကျန်နေသေးကြောင်း လည်း ရှင်းပြပါတယ်။

အဆိုပါ အမှု တွေ အနက်၊ မီးရှို့ ဖျက်ဆီးမှု ပါဝင်ကြောင်း၊ တရားလို၊ တရားခံ နှစ်ဖက် သက်သေ ၃၀၊ ၄ဝ ခန့် ကို စစ်ဆေးနေရတဲ့ အတွက် တရားသူကြီး အနေနဲ့ လည်း လုပ်ထုံး လုပ်နည်း အရ ဆောင်ရွက် ရလို့ အချိန် ကြာမြင့်နေရပုံ ကို ရဲမှူး ဦးမြင့်မောင် က ပြောပြခဲ့ပါတယ်။

ဥက္ကံ မြို့တွင်း ပျက်စီးမှု အခြေအနေ နဲ့ ပတ်သက်လို့ ပြောရမှာတော့ အိမ်ခြေ ၈၁ လုံး မီးလောင်သလို၊ စျေးဆိုင် ၂၅ လုံး ပျက်စီးကြောင်း၊ တရားခံပြေး ၆ဝ ခန့် ကျန်နေသေးတဲ့ အကြောင်း၊ သူတို့ကို ဖမ်းမိရေး အတွက် ရဲစခန်းတွေ အကြောင်းကြား ထားပုံ၊ အခု လတ်တလော အချိန်မှာ ဥက္ကံ မြို့ ပုံမှန် ဖြစ်နေတဲ့ အကြောင်းတွေ ပါ၊ တိုက်ကြီး မြို့နယ် ရဲမှူး ဦးမြင့်မောင် က ဘီဘီစီ ကို ပြောပါတယ်။