မြစ်ဆုံဆည် အစီရင်ခံစာ ပြည့်စုံမှု မရှိဘူးလို့ ထောက်ပြ

Image caption မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားတာ ၂နှစ် ပြည့်ပြီ

CPI တရုတ်ကုမ္ပဏီ တည်ဆောက်တဲ့ ဧရာဝတီ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ ပတ်ဝန်းကျင်ရေးရာနဲ့ လူမှုရေးရာ ထိခိုက်နိုင်မှုတွေကို ဆန်းစစ်တဲ့ EIA , SIA အစီရင်ခံစာဟာ ပြည့်စုံမှု မရှိဘဲ အားနည်းချက်၊ လစ်ဟာချက်တွေ ရှိနေတယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ဆိုင်းငံ့ထားတာ ၂ နှစ်ပြည့်အဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ မှာ သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ ကျွမ်းကျင်သူ ၁၂ ဦးရဲ့ သုံးသပ်ချက် တွေကို စိမ်းလန်း အမိမြေ အသင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားသူ ဦးဝင်းမျိုးသူက ရှင်းလင်း ပြောပြခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုရေး ဆိုင်ရာ၊ ဇီဝ မျိုးကွဲ ထိန်းသိမ်းရေး ဆိုင်ရာ၊ ရေနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း အချက်အလက်တွေ ကောက်ယူရာမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

လူထု ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ အချက်အလက်တွေကို ထည့်သွင်း စဉ်းစားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တခြား ရွေးချယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ထည့်သွင်း ဖေါ်ပြ ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

တကယ်ဆိုရင် နှစ်ဦး နှစ်ဘက် သဘောတူတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ယူပြီး စစ်ဆေးမယ် ဆိုရင် ပို မျှတ တိကျတဲ့ သတင်း အချက်အလက်တွေ ရမယ်လို့ ယူဆကြောင်း ဦးဝင်းမျိုးသူ က ပြောပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာ မြစ်ဆုံ ဆည် ဆောက်ရေး မဆောက်ရေးကို ပြည်သူတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြည်သူလူထု အကြား စိုးရိမ် ပူပန်မှုတွေ ရှိနေတဲ့ အတွက် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က လွန်ခဲ့တဲ့ ၂နှစ်က ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။