သံတွဲမှာ အိမ်မီးရှို့ အကြမ်းဖက်လို့ တစ်ဦးသေ

Thandwe violence
Image caption သဗြုချိုင်ရွာမှာ အိမ်အားလုံး မီးလောင်သွားပြီလို့ ဆို

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ထဲက ကျေးရွာ တချို့မှာ ဒီကနေ့ မွတ်ဆလင်အိမ်တွေ မီးရှို့တိုက်ခိုက်ခံရပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောပါတယ်။ သံတွဲမြို့နဲ့ ၁၇ မိုင် အကွာမှာရှိတဲ့ ရွှေလှေ ကျေးရွာအုပ်စုထဲက သဗြုချိုင် တောင်ပေါ်ရွာကို မနက်စောစော အချိန်မှာ အနီးအနား ဆင်ခေါင်း ရွာကနေ လူအုပ်စုနဲ့ လာဝိုင်းရာကနေ ပြဿနာ စဖြစ်ခဲ့တာလို့ အခုအခါ တောထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သဗြုချိုင်ရွာသား မွတ်ဆလင် တဦးက ပြောပြပါတယ်။

သူတို့ရွာကို လူအုပ်က မနက်စောစော လာဝိုင်းပြီး မီးကွင်းတွေနဲ့ ပစ်ခဲ့တယ်။ မွတ်ဆလင် အိမ်တွေ အပါအဝင် ဗုဒ္ဓဘာသာဝင် တချို့ရဲ့ အိမ်တွေလည်း မီးလောင်ခံရတယ်။ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေ ရောက်လာပေမယ့် ဘာမှ အကာအကွယ် မပေးနိုင်လို့ ရွာထဲက အိမ်အားလုံး မီးလောင်သွားတယ်လို့ သူက ပြောပါတယ်။

လောလောဆယ် သူနဲ့အတူ အမျိုးသမီးနဲ့ကလေးတွေ အပါအ၀င် လူ၁၀၀ ကျော် လောက် ရှိနေပြီး စားစရာနဲ့ သောက်ရေ မရှိဘဲ ဖြစ်နေတယ် လို့လည်း အဲဒီရွာသားက ပြောပါတယ်။ သူတို့ ထွက်ပြေးတဲ့ အချိန်မှာ ဓါးလှံတွေ နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် သေဆုံးသူ သုံးဦးရှိတယ်လို့ သူက ပြောပါသေးတယ်။

သံတွဲမြို့နယ် ရဲတပ်ဖွဲ့ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ကျော်တင့် ကတော့ သဗြုချိုင် တောင်ပေါ်ရွာက အိမ် ၁၄ အိမ် မီးလောင်ခံရပြီး ဒေါ်အေးကြည်ဆိုတဲ့ ကမန်အစ္စလာမ် အမျိုးသမီး တဦး သေဆုံးခဲ့တယ် ဆိုတာကိုသာ အတည်ပြုနိုင်ကြောင်း ပြောပါတယ်။

Image caption ဓားလှံတွေနဲ့ တိုက်ခိုက်လို့ အနည်းဆုံး တစ်ဦးသေ

လူစုကွဲသွားအောင် သေနတ်ဖောက် ရှင်းလင်းခဲ့ရတာ ရှိတယ်လို့ ဒုရဲမှူးကြီးကျော်တင့်က ပြောခဲ့ပြီး မွတ်ဆလင် တွေဖက်က ပြောသလို လုံခြုံရေးတွေက သူတို့ကို အကာအကွယ် မပေးဘူး ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အတည်ပြုလို့ မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အခုအခါ အဲဒီကျေးရွာတွေမှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့၀င်တွေက လုံခြုံရေး ဆောင်ရွက် ပေးနေပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ သူက ဆိုပါတယ်။ ဒေသတွင်းမှာ ရောက်နေတဲ့ သတင်းထောက် တဦးရဲ့ အပြော အရတော့ ညနေ ၅ နာရီအထိ ကျေးရွာတွေမှာ မီးလောင်နေတာ တွေ့ရ ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ သံတွဲမြို့နယ် အတွင်းမှာ ညမထွက်ရ အမိန့်ကို အရင် ည ၉ နာရီက မနက် ၆နာရီ အထိ သတ်မှတ် ထားရာကနေ ည ၆ နာရီက မနက် ၆ နာရီအထိ တိုးမြှင့် သတ်မှတ် လိုက်ပါတယ်။

စနေနေ့တုန်းက သံတွဲမြို့ပေါ်မှာ မွတ်ဆလင်တဦးနဲ့ ဗုဒ္ဓဘာသာ၀င် တဦးတို့ အချင်းများရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာ အခုလို လူစုလူဝေးနဲ့ တိုက်ခိုက်မှုတွေ ထပ်ပြီးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။