ငြိမ်းအဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဇော် UWSA ဒု ဥက္ကဋ္ဌ ရှောက်မီလျံနဲ့ လာတွေ့

Image caption ရှမ်းပြည်မြောက်ပိုင်းက UWSA တပ်ဖွဲ့ဝင်များ

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း ၀ ဌာနချုပ် ပန်ဆန်းမှာ ရောက်နေပြီး ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA နဲ့ အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့၀င် ၄၀ ကျော်တို့ဟာ ပန်ဆန်းမြို့ကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့မှာ ရဟတ်ယဉ်နဲ့ ရောက်ရှိတာဖြစ်ပြီး UWSA ဒု ဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်တဲ့အဖွဲ့၀င် ၄၀ ကျော်တို့နဲ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ထာ၀ရ ငြိမ်းချမ်းရေး ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲထဲမှာ အစိုးရအဖွဲ့ဖက်က အချက် ၉ ချက်ပါ ဆွေးနွေးချက်တွေကို တင်ပြ ခဲ့တယ်လို့ UWSA နဲ့ နီးစပ်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ အချက်အချို့တွေကတော့ ၀ ပြည်သူပြည်သားတွေကို မှတ်ပုံတင် လုပ်ပေးခွင့်ပြုဖို့ ၊ ၀ နယ်ထဲမှာ သန်းခေါင်းစာရင်း ကောက်ယူရေးကိစ္စ၊ နောက်ပြီးတော့ ၀ ဒေသတွင်းက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြည်မက အလုပ်လက်မဲ့ဖြစ်တဲ့သူတွေ နဲ့ အစိုးရ ၀န်ထမ်းတွေကို ပို့ခွင့်ပြုဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

လာရောက် ဆွေးနွေးရတဲ့ အဓိက အကြောင်းကတော့ ဒီလကုန်မှာ အစိုးရက ပြုလုပ်မဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို ၀ အနေနဲ့ ပါ၀င် လက်မှတ်ထိုး စေချင်တဲ့ အချက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မနေ့တုန်းက ဆွေးနွေးပွဲကနေ သဘောတူ ဆုံးဖြတ်ထွက်လာတာမရှိပဲ ဒီနေ့ မှာ ထပ်ပြီး ဆက်လက် ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။ မြန်မာအစိုးရနဲ့ ၀ တပ်ဖွဲ့တို့အကြားမှာ တပ်စခန်းကိစ္စ၊ ပြည်နယ် တောင်းဆိုရေးကိစ္စနဲ့ ပက်သက်ပြီး မပြေလည်တာတွေ အရင်က ရှိခဲ့ပါတယ်။

အဲဒီကိစ္စတွေနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ နှစ်ဦးနှစ်ဖက် တွေ့ဆုံပြီး အချက် ၅ ချက်ပါ သဘောတူညီမှု လက်မှတ်ရေးထိုး ဖြေရှင်းခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ