မြို့သာ စက်မှု စီမံကိန်း အတွက် လယ်သိမ်းခံ ရလို့ ဒေသခံတွေ မကျေမနပ်

Image caption မြို့သာ စက်မှု ဥယျဉ်စီမံကိန်းအတွက် လယ်ယာမြေသိမ်းခံရ

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာတည်ဆောက်နေတဲ့ မြို့သာ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းယာမြေ ဧက ၁သောင်းကျော်မှာ လျော်ကြေး ပေးတာမျှတမှု မရှိတာအပြင် လျော်ကြေးမပေးဘဲ သိမ်းယူတာတွေကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြ ပါတယ်။

တံတားဦး မြင်းခြံကားလမ်းအတိုင်း မြင်းခြံဘက်ကိုသွားရင် မြို့သာမြို့အလွန် ၃မိုင်လောက် ဝေးတဲ့နေရာက မြို့သာ စက်မှုဥယျာဉ် မြို့တော်စီမံကိန်းလုပ်ဖို့ သိမ်းထားတဲ့ လယ်တွေအတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြကြောင်း သိရပါတယ်။

ဒီစီမံကိန်းဟာဆိုရင် အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ အကောင်အထည်ဖေါ်တဲ့ စီမံကိန်းဖြစ်ပါတယ်။

စီမံကိန်းဧရိယာမှာပါတဲ့ ပေတော၊ န၀ရတ်၊ အိုင်သာ၊ တည်ပင် ၊ သံဘို ၊ ရွာသာနဲ့ ပေါက်စိမ်း စတဲ့ ၁၃ ရွာက ဒေသခံတွေကို လျော်ကြေးပေးရာမှာ မညီမျှတဲ့အပြင် လျော်ကြေးမပေးဘဲ သိမ်းတာတွေလည်း ရှိနေတဲ့အကြောင်း ပေတောရွာသူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုသိမ်းတဲ့နေရာမှာ မြေစာရင်း ဦးစီးဌာနမှာ အမည်ပေါက် ရှိပြီးသား မြဲဦးပိုင်လို့ ခေါ်တဲ့ ဧက ၉၀၀ အတွက် ကိုတော့ တဧက သိန်း ၂၀ နှုန်း လျော်ကြေးပေးပေမယ့် အမည်မပေါက်သေးတဲ့ မမြဲဦးပိုင်ဆိုတဲ့ ဧက ၁သောင်း ကျော်ကိုတော့ တဧက ၅သိန်းပဲ ပေးတာကြောင့် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။

န၀ရတ်ရွာသား ဦးစိုးညွန့်ကတော့ သူပိုင်တဲ့ ယာမြေ ဧက ၂၀ကျော်ရှိပေမယ့် လျော်ကြေးကို ၆ ဧကစာဘဲ ရတယ်လို့ ပြောပါတယ်။

နောက်ထပ် ရွာသားတွေ စိုးရိမ်နေတဲ့ တချက်က အိုင်သာရွာ ရာဇ၀င်တောရကျောင်းမှာ တည်နေတဲ့ ၁၃၅ ပေအမြင့်ရှိတဲ့ သုမန ရပ်တော်မူ ရုပ်ပွားတော်ကြီးဟာ စီမံကိန်းဧရိယာထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။

အများပိုင်ကုမ္ပဏီလီမီတက်ရဲ့ ဥက္ကဌ ဦးအောင်၀င်းခိုင်ကတော့ သာသနိက အဆောက်အဦးကို ဖျက်စီးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ ဒီဘုရားကြီး၀တ္တကမြေကို သာသနာမြေအဖြစ် အာဏာပိုင်တွေက သတ်မှတ် မပေးသေးလို့ စက်မှုမြို့တော် စီမံကိန်းဧရိယာထဲ ရောက်သွားမှာကို စိုးရိမ်နေကြပါတယ်။

တဖက်က ဘာသာ သာသနာအတွက် စိုးရိမ်နေရသလို မြေသိမ်းယာသိမ်းကိစ္စတွေမှာ တာ၀န်ရှိသူတွေဘက်က ပွင့်ပွင့်လင်းလင်းနဲ့ ဒေသခံတွေကို ချပြအသိပေးဖို့ လျော်ကြေးတိုးပေးနိုင်ရင်တိုးပေးဖို့ တိုင်းဒေသကြီးအစိုးရကို တင်ပြထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ