မြန်မာ့နိုင်ငံရေးနဲ့ အမျိုးသမီး ဦးဆောင်မှု

bbc_women_assk
Image caption အမျိုးသမီးတွေ နိုင်ငံရေး မှာ ပါဝင်ရေးဆွေးနွေး

မြန်မာနိုင်ငံ က နိုင်ငံရေး လုပ်ငန်းစဉ် မှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာရေး၊ လွှတ်တော်မှာ အမျိုးသမီး အမတ်တွေ ပိုမို ပါဝင် နိုင်ရေး ကို နိုင်ငံတကာ နဲ့ မြန်မာနိုင်ငံက အမျိုးသမီး လွှတ်တော် အမတ်တွေ အပါအဝင် နေပြည်တော် မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်း က ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးပွဲ ကို KAS (Konrad Adenauer Stiftung) ဂျာမန် အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်း က ကျင်းပပေးခဲ့ တာပါ။

ဖွင့်ပွဲနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်း ပြောရာမှာ NLD အနေနဲ့ အမျိုးသမီးတွေ နဲ့ တိုင်းရင်းသား တွေ ကို ဦးစားပေး ရွေးချယ်ယင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် လွှတ်တော်ထဲမှာ စစ်တပ် က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ထားပြီး ဖြစ်လို့၊ အခြေခံ ဥပဒေ ကို ပြင်ဆင်မှသာ အမျိုးသမီး အမတ်တွေ များလာနိုင်ပုံ ကို ဒေါ်အောင်ဆန်းစုကြည် က ပြောကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက် ရဲ့ နာယက၊ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရဲ့ ဒါရိုက်တာ ဒေါ်စူဆန်နာ လှလှစိုး က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော်မှာ အမျိုးသမီး အမတ် ပါဝင်မှု များအောင်၊ ကိုတာ စနစ် ကို ကျင့်သုံးရေး တောင်းဆိုဖို့၊ ဒါမှမဟုတ် ကိုယ့်ပါတီ က ရွေးတဲ့ အမတ်လောင်း စရင်းမှာ အမျိုးသမီးတွေ ဦးစားပေး ရွေးချယ်ယင်း အချိုးကျ ပါဝင်နိုင်ရေး တင်ပြ ကြဖို့လည်း၊ အကြံပြု ဆွေးနွေးကြောင်း ဒေါ်စူဆန်နာ လှလှစိုး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို နိုင်ငံရေး လုပ်ငန်းစဉ် မှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာရေး ဆွေးနွေးပွဲ ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဒီဆွေးနွေးပွဲ ကနေ မြန်မာ အမျိုးသမီး အမတ်တွေ၊ သက်ဆိုင်ရာ မဲဆန္ဒနယ် က အမျိုးသမီးတွေ ဟာ အတွေ့အကြုံတွေ ဖလှယ်နိုင်မှာ ဖြစ်သလို နိုင်ငံတကာ က အမတ်တွေ နဲ့ လည်း အဆက်အသွယ် ရပြီး နောင် အနာဂတ် မှာ ပူးပေါင်းဆောင်ရွက်မှု တွေ လုပ်ဆောင်နိုင်မယ့် အကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက် ရဲ့ နာယက၊ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရဲ့ ဒါရိုက်တာ ဒေါ်စူဆန်နာ လှလှစိုး က ဘီဘီစီ ကို ရှင်းပြ ပါတယ်။