Cranfield တက္ကသိုလ် မြန်မာစစ်အရာရှိတွေကို သင်တန်းပေးမယ်

_bbc_cranfield_
Image caption Cranfield တက္ကသိုလ်

မြန်မာ့တပ်မတော် က ဒုဗိုလ်မှူးကြီး နဲ့ အထက်အရာရှိ ၃ဝ ကို ဗြိတိန်နိုင်ငံ Cranfield တက္ကသိုလ် က လာမယ့် နှစ်ဆန်းပိုင်း ကျရင် မြန်မာနိုင်ငံထဲကို သွားပြီး သင်တန်းပေးတော့မှာပါ။ အခု လို မြန်မာ့ တပ်မတော် အရာရှိတွေ ကို သင်တန်း ပို့ချပေးခြင်း ဟာ မြန်မာ အစိုးရ ရဲ့ တောင်းဆို ချက် အရ ပြည်တွင်း ပြုပြင် ပြောင်းလဲရေး တွေ မှာ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် ဗြိတိန် က လက်ခံ တာပါ။

သင်တန်းမှာ ပို့ချပေးမယ့် ဘာသာရပ်တွေ နဲ့ ပတ်သက်လို့ Cranfield တက္ကသိုလ် က နိုင်ငံတကာ လုံခြုံရေး စင်တာ အကြီးအကဲ Laura Cleary က ဘီဘီစီ ကို ရှင်းပြ ရာမှာ ကျယ်ပြန့်တဲ့ လုံခြုံရေး အမြင် နဲ့ ကာကွယ်ရေး စနစ် ကို စီမံခန့်ခွဲခြင်း ဆိုတဲ့ ခေါင်းစဉ် အောက်မှာ လုံခြုံရေး၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ဘာသာရပ် တွေ ပို့ချပေးမယ့် အကြောင်း၊ ကမ္ဘာပေါ်မှာ ပြောင်းလဲလာတဲ့ လုံခြုံရေး အမြင် အယူအဆ တွေ ကြောင့်၊ စစ်တပ် တခုတည်းသာ မက၊ လူ့အဖွဲ့အစည်း တခုလုံးနဲ့ သက်ဆိုင်တဲ့ လုံခြုံရေး အမြင် သဘောထား တွေ ဆွေးနွေးမယ့် အကြောင်း၊ ပြောပါတယ်။

သင်တန်း တကြိမ် တက်ရုံနဲ့တော့ လူတယောက် ရဲ့ သဘောထား ခံယူချက် ပြောင်းသွားနိုင်ဖို့ လည်း မမျှော်လင့် ထားပါဘူး လို့ Laura Cleary က ဆိုပါတယ်။ ဘယ်လို့ ဖြစ်သင့်တယ် ဆိုတာ ကို ပို့ချပေးမှာ ထက်၊ သင်တန်းသားတွေ ထံက လုံခြုံရေး နဲ့ ပတ်သက်တဲ့ အမြင်တွေ နဲ့ မေးခွန်းတွေ၊ ဆန်းစစ်ချက်တွေ ကို အပြန်အလှန် ဖလှယ် ဖို့ အားပေးမယ် လို့ လည်း သိရပါတယ်။ ဒီဆွေးနွေးမှု ကိုလည်း သင်္ခန်းစာတွေကို လေ့ကျက်သင်ကြားရတာမျိုး သက်သက် မဟုတ်ဘဲ၊ မြန်မာ့ လူ့ အဖွဲ့အစည်း အတွင်းမှာ ပြန်လည် ဆွေးနွေးရမှာ ဖြစ်ကြောင်း လည်း Ms Cleary က ဆိုပါတယ်။

လွတ်လပ်ရေး မရခင် က ဗြိတိန် စစ်ကျောင်းတွေ မှာ လာရောက် ပညာဆည်းပူး ခဲ့ဖူးတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး က အရင် ကလည်း အဆက်အသွယ် ရှိပြီးမို့၊ အခုလို သင်ကြားမယ်၊ အပြန်အလှန် အတွေ့အကြုံ ဖလှယ် မယ် ဆိုတာ ကောင်းမွန်ကြောင်း၊ သူတို့ က ပေးချင်တာထက်၊ မြန်မာနိုင်ငံ မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို သင်ခန်းစာ ဖေါ်ထုတ်ပြီး သူတို့ အကျိုးအမြတ် အတွက် သင်တာမျိုး လည်း ရှိတတ်ကြောင်း၊ စေတနာ မှန်မှန် နဲ့ သာ လုပ်ဖို့ လိုအပ်ကြောင်း သူရ ဦးတင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။