ငပလီ ကမ်းခြေမှာ ညမထွက်ရ အမိန့် ရုပ်သိမ်း

Image caption ပဋိပက္ခ တွေဟာ သံတွဲ မြို့နယ် နေရာ အနှံ့ မှာ ဖြစ်ပေါ်ခဲ့ ပေမယ့် ငပလီ ကမ်းခြေ မှာတော့ မဖြစ်ခဲ့ပါ

မြန်မာနိုင်ငံ သံတွဲမြို့နယ်က နာမည်ကျော် ငပလီ ကမ်းခြေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သံတွဲမှာ စက်တင်ဘာလ ၂၈ ရက်နေ့က စပြီး မတည်ငြိမ်မူတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ညနေ ၆ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲသလို ထုတ်ပြန်တဲ့ အထဲမှာ သံတွဲမြို့ ငပလီ အပန်းဖြေ ဟိုတယ်ဇုန်လည်း ပါဝင်ခဲ့ပါတယ်။ အခုတော့ ငပလီမှာ ညမထွက်ရ ကာဖြူးအမိန့်ကို စတင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မူနဲ့ ပဋိပက္ခတွေဟာ သံတွဲမြို့နယ် နေရာအနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့ပေမယ့် ငပလီ ကမ်းခြေမှာတော့ ဖြစ်ပွားခဲ့တာ မရှိခဲ့ပါဘူး။

ခု ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မူတွေကြောင့် သံတွဲမြို့ရဲ့ စီးပွားရေးကို အနည်းနဲ့အများ ထိခိုက်ခဲ့ပေမယ့် နိုင်ငံခြား ခရီသွားတွေ စိတ်ဝင်စားတဲ့ နေရာဖြစ်တဲ့ နိုင်ငံခြားဝင်ငွေတွေ ရှာပေးနေတဲ့ ငပလီ ကမ်းခြေကိုတော့ ခုချိန်ထိ သိသိသာသာ ထိခိုက်မူ မရှိသေးဘူးလို့ သံတွဲ Beach ဟိုတယ် မန်နေဂျာ ဦးအောင်ကြည်ကပြောပါတယ်။

ငပလီ ကမ်းခြေရဲ့ စီးပွားရေး လုပ်ငန်းကို လတ်တလော ထိခိုက်မူ မရှိသေးပေမယ့် ရေရှည်မှာတော့ ခုလို မတည်ငြိမ်မှုတွေကြောင့် ထိခိုက် လာနိုင်တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က နိုင်ငံခြားခရီးသွား အများအပြား လာရောက် လည်ပတ်တဲ့ မြောက်ဦးမြို့ဆိုရင်လည်း လွန်ခဲ့တဲ့နှစ် ဆူပူအကြမ်းဖက်မူ ဖြစ်ကတည်းက နိုင်ငံခြားသားတွေ လာရောက် လည်ပတ်မူကို ပိတ်ထားတာကြောင့် ရခိုင် ခရီးသွားလုပ်ငန်းကို အထူး ထိခိုက်နေတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ