စစ်တပ်ကို လူထုချစ်စေချင်

Image caption ဗမာ့တပ်မတော်ကို လူထုချစ်တဲ့ တပ်မတော် ဖြစ်စေချင်

ဥရောပ ငါးနိုင်ငံ ခရီးစဉ် ဒုတိယ နောက်ဆုံး နိုင်ငံ အဖြစ် ဗြိတိန် နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ သောကြာနေ့က Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။

စစ်ယူနီဖောင်း အပြည့် ဝတ်ဆင် ထားကြတဲ့ ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နစ်ဟောင်တန်၊ နောက် တခြား ဗိုလ်ချုပ်တွေ၊ အရာရှိကြီး တွေနဲ့ ဗြိတိန် အပါအဝင် နိုင်ငံတကာက ဗိုလ်လောင်းတွေ ရှေ့မှာ မိန့်ခွန်းခြွေဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကို ပန်ကြားခဲ့ တာဖြစ် ပါတယ်။

ဒီလို ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောတာဟာ ကမ္ဘာ့ အထင်ကရ ဒီစစ် တက္ကသိုလ်ကြီးမှာ မြန်မာ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အနေနဲ့ ပထမဆုံး ဖြစ်သလို တခြား ကမ္ဘာ့ ခေါင်းဆောင် တွေထဲ မှာတောင် ရှားရှား ပါးပါး လို့ ပြောနိုင် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကတော့ သူဒီကို လာတာက သင်ပြဖို့ လာတာ မဟုတ်ပဲ သင်ယူဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လူထု လေးစား ကြည်ညိုတဲ့ ကောင်းမွန်တဲ့ စစ်တပ် တစ်ခုကို ဘယ်လို တည်ဆောက် သလဲဆိုတာကို လာ လေ့လာတာ ဖြစ်တယ်။ ဗမာ့ တပ်မတော် ကိုလည်း ဒီလို တပ် မတော်မျိုး ဖြစ်စေ ချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မူလရည်ရွယ်ခဲ့တဲ့ ဗမာ့တပ်မတော် အကြောင်းကို ထည့်သွင်း ပြောသွားသလို စစ်တပ်ရဲ့ အလုပ်ကိုပဲ လုပ်တဲ့ ကောင်းမွန်တဲ့ စစ်တပ်ဆိုတာ ဘယ်လို စစ်တပ်မျိုးလဲ၊ ဒီမိုကရေစီ ယန္တရားမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဘယ်မှာ ရှိသလဲ၊ နိုင်ငံရေး အာဏာကို စစ်တပ်အနေနဲ့ ဘာကြောင့် မယူသင့်သလဲ စတာတွေကို ဗြိတိန်စစ်တပ်ကနေ မြန်မာစစ်တပ် နားလည်အောင် အကူအညီ ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ရေးပိုင်းနဲ့ ခေါင်းဆောင်မှု အရည်အသွေး ဆိုင်ရာတွေကိုလည်း ဗြိတိန်စစ်အရာရှိတွေနဲ့ ဆွေးနွေးခဲ့သလို့ တက္ကသိုလ်တွင်းကို တနေကုန် လှည့်လည် လေ့လာခဲ့ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ဆန်းဟပ်စ် တက္ကသိုလ်ကို လာရောက်တာဟာ ဗြိတိန်ကနေ မြန်မာစစ်တပ်ကို အကူအညီပေးမယ်လို့ ကြေညာပြီးနောက် ရောက်လာတာလည်း ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလမှာ အင်္ဂလန်က Cranfield တက္ကသိုလ်နဲ့ ဗြိတိန်စစ်တပ်တို့ ပူးပေါင်းပြီး မြန်မာပြည်မှာ တပ်မတော် အရာရှိတချို့ကို လူ့အခွင့်အရေး၊ လူထုနဲ့ ဆက်ဆံရေး စတဲ့အကြောင်းတွေကို သင်တန်းပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကို အကူအညီပေးတဲ့အပေါ် တဘက်မှာလည်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗြိတိန်ဘက်ကတော့ စောစောက ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသလို အကူအညီပေးတယ်၊ သင်တန်းတွေ ပေးတယ်ဆိုတာဟာ တိုက်ရေး ခိုက်ရေးကို သင်တန်း ပေးမှာမျိုး မဟုတ်ပဲ ဒီနေ့ခေတ်သစ် တပ်မတော်တွေရဲ့ တကယ့် အခန်းကဏ္ဍအကြောင်းကိုပဲ ဆွေးနွေးပြောပြဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ မှာတော့ လန်ဒန်မြို့ ဗြိတိသျှ ကောင်စီ၊ အောက်စဖို့ တက္ကသိုလ်တို့က တာဝန်ရှိသူတွေနဲ့ ပညာရေးကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိပြီး တနင်္ဂနွေနေ့ မှာတော့ အီတလီနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။